သမ္မတ မားကို့စ်ကို ဖြုတ်ချရန် တောင်းဆိုမှုများကို ပယ်ချခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်အကြီးအကဲ ပြောကြား

(ဓာတ်ပုံ- Reuters)
ပုံစာ- ဖိလစ်ပိုင် လက်နက်ကိုင်တပ်ဖွဲ့များအကြီးအကဲ ရိုမီယို ဘရောနာ ဂျူနီယာ

Bloomberg

ဖိလစ်ပိုင်စစ်တပ်အကြီးအကဲက သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကို ဖယ်ရှားရန်အတွက် အငြိမ်းစား စစ်အရာရှိအချို့၏ တောင်းဆိုမှုများကို ပယ်ချခဲ့ကြောင်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ရိုမီယို ဘရောနာ ဂျူနီယာက အောက်တိုဘာ ၃ ရက်တွင် ပြောကြားသည်။

စစ်တပ် အငြိမ်းစားအရာရှိအချို့သည် လူစုကာ မိမိထံသို့ အာဏာသိမ်းခြင်းအပါအဝင် မားကို့စ်ကို ရာထူးမှ ဖယ်ရှားရန် တိုက်ရိုက်ချဉ်းကပ်ခဲ့တိုက်တွန်းခဲ့ကြကြောင်း အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ရောက်ရှိနေတဲ့ ပရော်ဖက်ရှင်နယ်အဆင့်ကြောင့် ကြားဝင်စွက်ဖက်ဖို့ တောင်းဆိုမှုကို (ကျွန်တော်တို့ထဲက) ဘယ်သူမှ လိုက်နာမှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်စိတ်ချခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ကြီး ဘရောနာက နိုင်ငံခြားသတင်းထောက်များကို ပြောသည်။

“စစ်တပ်က တစ်ကြိမ်ဝင်ရောက်စွက်ဖက်လိုက်ရင် ကျွန်တော်တို့ကို နှစ်ပေါင်းများစွာ နောက်ပြန်ဆုတ်သွားစေပါလိမ့်မယ်၊ ရင်းနှီးမြှုပ်နှံသူတွေက စတင် ဆုတ်ခွာသွားကြပါလိမ့်မယ်” ဟုလည်း ပြောကြားခဲ့သည်။

အဆိုပါ အငြိမ်းစားများ၏ မကျေနပ်ချက်များသည် အဓိကအားဖြင့် မားကို့စ်ကို ဆန့်ကျင်နေခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

သမ္မတ မားကို့စ်သည် ၎င်း၏ မဟာမိတ်ဟောင်း ဒုတိယသမ္မတ ဆာရာ ဒူတာတေးနှင့် နိုင်ငံရေးအမြင်မတူမှုများကြောင့် လူသိရှင်ကြား အငြင်းပွားမှုများ ရှိနေသည်။ ၎င်းတို့အကြား ပြဿနာများတွင် ယခင်သမ္မတ ရိုဒရီဂို ဒူတာတေးကို ၎င်း၏ အစိုးရကာလအတွင်း မူးယစ်ဆေးတိုက်ဖျက်နှိမ်နှင်းရေးစစ်ပွဲတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများဖြင့် စွဲချက်တင်ရန်အတွက် သည်ဟိဂ်ရှိ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးအပ်ခြင်း ကိစ္စလည်း ပါဝင်သည်။