The Nation
ထိုင်းနှင့် မကြာသေးမီက ဖြစ်ပွားခဲ့သော နယ်စပ်ပဋိပက္ခတိုက်ပွဲများတွင် ကမ္ဘောဒီးယားအတွက် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်ဆိုသော သတင်းများကို ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တရားဝင်ငြင်းဆို လိုက်သည်။
တရုတ်သံရုံးက အောက်တိုဘာ ၂ ရက်ညနေတွင် လူမှုမီဒီယာမှတစ်ဆင့် အတည်ပြုချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် ဇူလိုင်လ ပဋိပက္ခမတိုင်မီ ရက်သတ္တပတ်များအတွင်း တရုတ်လုပ်ဒုံးကျည်များကို ကမ္ဘောဒီးယားစစ်တပ်က အသုံးပြုခဲ့သည်ဟု ဖော်ပြသည့် The New York Times အပါအဝင် သတင်းများအား တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ သတင်းများတွင် တရုတ်နိုင်ငံသည် ပဋိပက္ခအခြေအနေကို သွယ်ဝိုက်၍ သြဇာလွှမ်းမိုးခဲ့ကြောင်း အရိပ်အမြွက် ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံလုံးအတွက် မိတ်ဆွေအိမ်နီးချင်းတစ်နိုင်ငံအနေဖြင့် အခြေအနေကို လျော့ပါးသက်သာစေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲများတွင် အသုံးပြုရန်အတွက် ကမ္ဘောဒီးယားသို့ တရုတ်က မည်သည့် စစ်လက်နက်ပစ္စည်းကိုမျှ ထောက်ပံ့ပေးခြင်း မရှိကြောင်းနှင့် ကမ္ဘောဒီးယားက လက်ရှိပိုင်ဆိုင်ထားသော မည်သည့် တရုတ်စစ်ဘက်သုံးပစ္စည်းများသည် လက်ရှိ တရုတ်-ကမ္ဘောဒီးယား ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များမှ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် နယ်စပ်အငြင်းပွားမှုတွင် “ကိုယ်ကျိုးစီးပွားကို မစဉ်းစားကြောင်းနှင့် အာဆီယံနည်းလမ်း မှတစ်ဆင့် နိုင်ငံရေးဖြေရှင်းချက် ရှာဖွေရာတွင် အာဆီယံကို အပြည့်အဝ ထောက်ခံကြောင်း ဖော်ပြလျက် ကြားနေရေးမူကို ထိန်းသိမ်းထားသည်ဟု တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။
ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က The New York Times) သတင်းစာက ဖော်ပြခဲ့သော အဆိုပါကိစ္စနှင့် ပတ်သက်၍ အမျိုးသားလုံခြုံရေးကောင်စီ၏ အစီရင်ခံစာကို စောင့်ဆိုင်းနေကြောင်း အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
