မြန်မာနိုင်ငံမှ အမျိုးသမီးဆရာဝန်တစ်ဦးက ဩဂုတ်လ ၃၁ ရက်တွင် ဩစတြေးလျနိုင်ငံ ဆစ်ဒီနီမြို့၌ ကျင်းပခဲ့သည့် Sydney Marathon 2025 တွင် ပြိုင်ပွဲ ပြီးဆုံးသည်အထိ ပါဝင်ပြီးနောက် ရိုးရာဝတ်စုံဖြင့် အမြန်ဆုံးမာရသွန်အချိန်ကို သတ်မှတ်နိုင်ခဲ့ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်ကိုလည်း ရရှိခဲ့သည်။
ဒေါက်တာမြင့်မိုရ်ဦးက ၎င်း၏ကြိုးပမ်းမှုကို မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုနှင့်အတူ ပူးပေါင်း၍ စိန်ခေါ်မှုနှင့် စည်းလုံးညီညွတ်မှု၏ သတင်းစကားအဖြစ် ပြောကြားခဲ့သည်။
ကမ္ဘာကြီးက မြန်မာပြည်ကို မေ့မထားရန်နှင့် မာရသွန်ပြိုင်ပွဲ ဝင်ရခြင်းသည် နှုတ်ပိတ်ခံထားရသော၊ ဗုံးကြဲ သတ်ဖြတ်ခံရသော မြန်မာပြည်သူများအတွက် ဖြစ်ကြောင်း ပြောကြားသည်။
ယခုကဲ့သို့ မာရသွန်ပွဲတွင် ပါဝင်ခြင်းသည် စစ်အာဏာရှင်အဖွဲ့က ၎င်းတို့၏အာဏာကို တရားဝင်ဖြစ်စေရန် စီမံထားသည့် လာမည့်အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သော ဆန္ဒပြမှုတစ်ရပ်ဖြစ်ကြောင်းလည်း ဒေါက်တာမြင့်မိုရ်ဦးက ပြောသည်။
အပြစ်မဲ့ပြည်သူများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ အပါအဝင် စစ်အာဏာရှင်အဖွဲ့၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ပြင်းထန်စွာကန့်ကွက်သည့် သတင်းစကားကို ပေးပို့လိုက်ခြင်းလည်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဒေါက်တာမြင့်မိုးဦးသည် မာရသွန်ပြေးပွဲတွင် မြန်မာ့ရိုးရာအဝတ်အထည်အပြည့်အစုံကို ဝတ်ဆင်ကာ ပိတောက်ပန်းများကို ပန်ဆင်ပြီး ၄၂ ဒသမ၂ ကီလိုမီတာ (၂၆ ဒသမ၂ မိုင်) အကွာအဝေးရှိသော ပြိုင်ပွဲကို ၄ နာရီ၊ ၁၂ မိနစ်နှင့် ၁၉ စက္ကန့်အတွင်း ပြေးခဲ့ခြင်းဖြစ်သည်။
နိုင်ငံ၏အမျိုးသားရေးလက္ခဏာကို ပြသရန်နှင့် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအကျပ်အတည်းအပေါ် အာရုံစိုက်လာစေရန်အတွက် ပုံမှန်ပြေးခုန်ပစ်ဝတ်စုံအစား ရိုးရာဝတ်စုံကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
