ချင်းပြည်နယ် စည်ပင်ဝန်ကြီးဟောင်း၊ ဦးစိုးထက်(ခ) ဆလိုင်းမဲလုသည် စစ်ကော်မရှင်က ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့(NLD) ပါတီက ထုတ်ပယ်လိုက်ကြောင်း ယနေ့(စက်တင်ဘာ ၁ရက်)တွင် ထုတ်ပြန်ထားသည်
ဆလိုင်းမဲလုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် ပလက်၀မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်းဖြစ်သည်။
မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်က နိုင်ငံတော်အာဏာကိုလုယူပြီး လွတ်လပ်သန့်ရှင်း တရားမျှတသည်ဟု ကမ္ဘာ့နိုင်ငံအသီးသီးက အသိမှတ်ပြုထားသော ၂၀၂၀ ရေါးကောက်ပွဲရလာဒ်ကို ငြင်းဆန်ကန့်ကွက်ကာ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံအကြီးအကဲများကို မတရားဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကဲ့သို့ လုပ်ဆောင်ခဲ့သော စစ်ကော်မရှင်က နိုင်ငံရေးတရားဝင်မှုရရှိစေရန် ရည်ရွယ်ပြီး အတုအယောင်ရွေးကောက်ပွဲကျင်းပရန် ကြံစည်အားထုတ်နေမှုကို NLD ပါတီ၏ ကြားကာလ ဗဟိုကော်မတီ အစည်းအဝေးများတွင် အသိအမှတ်မပြုရန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် ထုတ်ပြန်ထားမြစ်ထားသော်လည်း ဆလိုင်းမဲလုသည်ပြည်သူ့ဆန္ဒကို ဆန့်ကျင်ကာ ပါတီဆုံးဖြတ်ချက်ကို လိုက်နာခြင်းမရှိသောကြောင့် ပါတီမှ ထုတ်ပယ်လိုက်သည် ဆိုထားသည်။
ဆလိုင်းမဲလုသည် ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC) ကို ထူထောင်ကာ ၂၀၂၅ ခုနှစ်၊ မေလ ၂၆ နေ့တွင် ပါတီတည်ထောင်ခွင့် ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့သော်လည်း NLDပါတီက ယနေ့မှ ပါတီက ထုတ်ပယ်ကြောင်း ကြေညာထားခြင်းလည်းဖြစ်သည်။
