စစ်တပ်အာဏာသိမ်းကာလ ၅နှစ် အတွင်း ရန်ကုန် မြို့လယ်ခေါင် လမ်းဘေး၌ မူးယစ်ဆေးဝါး သုံးသူများပင် ပေါ်ပေါက်လာ

စစ်တပ် အာဏာသိမ်းကာလ ၅နှစ်အတွင်း ရန်ကုန်မြို့လယ်ခေါင် လမ်းဘေး၌ မူးယစ်ဆေးဝါး သုံးသူများပင် ပေါ်ပေါက်လာခဲ့သည်ကို မျက်မြင်တွေ့သူများ၏ မှတ်တမ်းတင်ထားမှု အရ သိရသည်။

ယမန်နေ့(အောက်တိုဘာ ၃ ရက်)တွင် ရန်ကုန်မြို့လယ်ခေါင် ဖြစ်သည့် ပန်းဆိုးတန်း၊ ကုန်းကျော်တံတား အဆင်း၌ WY စိတ်ကြွမူးယစ်ဆေးဝါး သုံးစွဲနေသူ တစ်ဦးအား မျက်မြင်တွေ့သူများက ဗီဒီယို ရိုက်ယူကာ လူမှုကွန်ရက်ပေါ်သို့ ဝေမျှ တင်ခဲ့သည်။

အဆိုပါ ဖြစ်ရပ်​သည် စစ်တပ် အာဏာသိမ်း ကာလ ၅နှစ်အတွင်း ဖြစ်ပေါ်နေသည့် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေခြင်းကို မီးမောင်းထိုး ပြနေသည့် ဖြစ်စဥ်အဖြစ် ပြည်သူအများက မှတ်ယူခဲ့ကြသည်ကို တွေ့ရသည်။

“တကယ်ဝမ်းနည်းမိတယ် ဒါတွေမြင်ရင် သွားပြီ ကျတော်တို့တိုင်းပြည်က တကယ်ချွတ်ခြုံကျစုတ်ပြတ်သတ်ပြီး အဖတ်ဆယ်မရတော့ဘူး။ အရာအားလုံးစုတ်ပြတ်ကုန်ပြီ ဘဝတွေကော အနာဂတ်တွေကော” ဟု အဆိုပါ ဖြစ်စဥ်နှင့် ပတ်သတ်ပြီး ပြည်သူတစ်ဦးက ဝေဖန်ပြောဆိုသည်။

စီးပွားရေးမြို့တော် ရန်ကုန်မြို့ အနှံ့တွင် မှတ်တမ်းတင်ထားခြင်း မရှိသော်လည်း အလားတူ လမ်းဘေး၌ ပေါ်ပေါ်တင်တင် မူးယစ်ဆေးဝါး သုံးစွဲနေခြင်းများ နေ့စဥ် ရှိနေသည်ဟုလည်း သိရသည်။ ဖြစ်စဥ်အများအပြားမှာ ရန်ကုန်မြို့တွင်း မြို့နယ်များ အတွင်း ဖြစ်နေခြင်းလည်း ဖြစ်သည်။

” ဗန္ဓုလ တံတားအောက်မှာလည်း ရှိတယ်။ နေ့တိုင်းတွေ့ရတယ်။ ပြောမဲ့ ၊ ဖမ်းမဲ့သူ မရှိဘူး” ဟု ဗိုလ်တစ်ထောင် မြို့နယ်နေ ပြည်သူတစ်ဦးက ၄င်း မြင်တွေ့နေကျ မြင်ကွင်းအကြောင်း ပြောသည်။

အလားတူ မြို့တွင်းမြို့နယ် မဟုတ်သည့် မြို့နယ်များရှိ ရပ်ကွက် လမ်းများအတွင်း၌ မူးယစ်ဆေးဝါး ပေါ်ပေါ်ထင်ထင် သုံးစွဲသူများကို တွေ့ရတတ်သည်ဟုလည်း သိရသည်။

” ကျတော် အလုပ်က ပြန်လာရင် တွေ့တယ်။ လမ်းဘေး အုတ်ခုံမှာထိုင်ပြီး အသီး(WY) ရှို့နေတဲ့ကောင်တွေကို သွားပြောလို့မရဘူး။ ဒီကောင်တွေက ရန်ပြန်ရှာတယ်” ဟု သင်္ဃန်းကျွန်းမြို့ခံ လူငယ်တစ်ဦးက ပြောသည်။

စစ်တပ်သည် ၄င်းတို့ အာဏာသိမ်းပြီးနောက် ဆန့်ကျင် ဆန္ဒပြသူများကို မရမက ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုကဲ့သို့ ပေါ်ပေါ်ထင်ထင် မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေမှုများကိုမူ လစ်လျူရှုထားသည်ကို တွေ့ရသည်။

ရန်ကုန်မြို့၌ WY ကဲ့သို့ မူးယစ်ဆေးဝါးများသည် စစ်တပ်အာဏာမသိမ်းမီကထက် စျေးနှုန်း သုံးဆခန့် ကျဆင်းသွားခဲ့ပြီး ယင်းမှာ ပြည်သူအများ သုံးစွဲကြသည့် စားသောက်ကုန် လူသုံးကုန် ပစ္စည်းများ အာဏာသိမ်း ကာလ၅နှစ်အတွင်း စျေးနှုန်း သုံးဆကျော် တက်လာမှုနှင့် ပြောင်းပြန် အချိုးကျနေခြင်းလည်း ဖြစ်သည်။

စာတည်း-ကိုဆန်း