မန္တလေးတိုင်း၊ သာစည်မြို့အနီးကို ဗဟိုပြုပြီး အင်အားအနည်ငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယနေ့(အောက်တိုဘာ ၄ရက်)၊ ည ၁၁နာရီ ၄၅ မိနစ်အချိန်တွင် မိတ္ထီလာမြို့ အရှေ့ဘက် ၁၅မိုင်ခန့်အကွာ၊ ညောင်ရမ်းမြောက်ဘက် ၇မိုင်ခန့် သာစည်မြို့အနီးကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ဒသမ၄အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ယင်းငလျင်သည် မြေအောက်အနက် ၆ မိုင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံများ ငလျင်ဒဏ်ကို သိသိသာသာ ခံစားခဲ့ရခြင်းဖြစ်သည်။
“အသံကြီးက အရင်လာတာ၊ အိမ်ပြိုပြီတောင် ထင်နေတာ၊ တစ်ချက်ထဲသိမ့်ခနဲလှုပ်သွားတယ်။ လူက အခုထိ မူးနေတုန်းပဲ” ဟု ဝမ်းတွင်းမြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါငလျင်လှုပ်ခတ်မှုကို သာစည်၊ ဝမ်းတွင်း မိတ္ထီလာ၊ တောင်သာနှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်အချို့တွင် ခံစားခဲ့ရကြောင်း သိရသည်။
“အိပ်မလို့ လုပ်တုန်းရှိသေးတယ်။ ခါထွက်သွားတာ၊ အပေါ်ထပ်မှာ နေနေတာဆိုတော့ ပိုသိသာတယ်။ ကလေးတွေကိုခေါ်ပြီး အောက်ဆင်းပြေးရတယ်။ အသံရော၊ တုန်ခါမှုရော ကြောက်စရာကြီးဟု” သာစည်မြို့နယ်တွင်နေထိုင်သည့် အသက် ၃၀ အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကိုင်းပြတ်ရွေ့အလယ်ပိုင်းတွင် (မန္တလေးနှင့် မိတ္ထီလာကြား)တည်ရှိသည့် သာစည်မြို့သည် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင်တည်ရှိပြီး ငလျင်အန္တရာယ်မြင့်မားသည့် မြို့တစ်ခုလည်းဖြစ်သည်။
ပြီးခဲ့သည့် မတ် ၂၈ရက်က စစ်ကိုင်းမြို့ကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြီးကြောင့် လူပေါင်း ၅၀၀၀ကျော်သေဆုံးခဲ့ရပြီး စစ်ကိုင်း၊ မန္တလေး၊ ပဲခူးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဆောက်အအုံများအပါအဝင် လူနေအဆောက်အုံများစွာ ပျက်စီးခဲ့ရသည်။
မြေငလျင်လှုပ်ခတ်မှုသည် ကျောက်သားထုချပ်နှစ်ခုတစ်ခုနှင့် တစ်ခုတွန်းတိုက်မိရာမှ တစ်ခုက အခြားတစ်ခုအောက်သို့ ငုပ်လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်းတိုက်ခံရသည့်အတွက် တွန့်ခေါက်လာကာ အဆိုပါတွန်းတိုက်သည့် နေရာတွင် အားများတဖြည်းဖြည်း စုစည်းလာပြီး စုစည်းမိသောအားများ ရုတ်တရက်ရုန်းကန်၍ ပြန့်ထွက်ပြီး မြေငလျင်လှုပ်ခတ်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှ စတင်ခဲ့ပြီး မုတ္တမပင်လယ်ကွေ့အထိ မြောက်မှတောင်အထိ ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့သည် အဆိုးရွားဆုံး ငလျင်ကြောကြီးတစ်ခု ဖြစ်ပေသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝအနီး တောင်-တောင်မြောက်တန်းလျက် တည်ရှိနေသည့် ကဘော်ပြတ်ရွေ့၊ ပြင်ဦးလွင်အနီးမှစတင်ပြီး တောင်ကြီးမြို့အနီး တောင်မြောက်တန်းလျက်တည်ရှိသည့် ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ အနောက်တန်းလျက် တည်ရှိနေသည့် မိုးမိတ်ပြတ်ရွေ့များသည် ငလျင်ကြောကြီးများ ဖြစ်ပေသည်။ ငလျင်ပြတ်ရွေ့ အသေးများစွာရှိနေသောကြောင့် ငလျင်ဒဏ်ကို မြန်မာနိုင်ငံ၏ မည်သည့်ဒေသတွင်မဆို အချိန်မရွေး ခံစားရနိုင်သည်။
ငလျင်လှုပ်ခတ်ပါက အင်အားရစ်ချ်တာစကေး ၁ မှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက အနည်းငယ် လှုပ်ခတ်ခြင်းဖြစ်သည်။
ရစ်ချ်တာစကေး ၅ မှ ၅ ဒသမ ၉ အထိ လှုပ်ခတ်မှုသည် အင်အားအသင့်အတင့်ဖြင့် လှုပ်ခတ်ခြင်းဖြစ်ပြီး ပျက်စီးမှုအနည်းအငယ်ရှိနိုင်သည်။
ရစ်ချ်တာစကေး ၆ မှ ၇ ဒသမ ၅ အထိလှုပ် ခတ်ပါက အင်အားပြင်း အဆင့်သတ်မှတ်ပြီး အပျက်အစီးများကာ ရစ်ချ်တာစကေး ၇ ဒသမ ၆ နှင့် အထက် လှုပ်ခတ်သော ငလျင်ကိုအားအလွန်ပြင်းအဖြစ် သတ်မှတ်သည်။
စာတည်း-ကိုဆန်း
