မြန်မာအမျိုးသမီးငယ်များ ၃ထပ်ကွမ်းခွဲခြားဆက်ဆံမှုကို ရင်ဆိုင်နေရဟုဆို

Photo - MPA
ကရင်နီပြည်ရှိစစ်ဘေးရှောင်အမျိုးသမီးတစ်ဦး

မြန်မာနိုင်ငံရှိ အမျိုးသမီးငယ်များသည် ၃ထပ်ကွမ်း ခွဲခြားဆက်ဆံမှု ကို ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP ၏ အစီရင်ခံစာသစ်က ဖော်ပြသည်။

မြန်မာအမျိုးသမီးငယ်များသည် ဝင်ငွေနည်းပါးခြင်း၊ အခွင့်အလမ်းများ နည်းပါးခြင်းနှင့် အိမ်တွင်း ကန့်သတ်ချက်များဆိုသည့် ၃ထပ်ကွမ်း ခွဲခြားဆက်ဆံမှုကို ရင်ဆိုင်နေရကြောင်း UNDP ၏ ‘အနာ ဂတ်ရပ်တန့်ခံမျိုးဆက်သစ်’ အစီရင်ခံစာ၌ ဖော်ပြသည်။

“ဒီနေ့ ကျမတို့ ရန်ကုန်မြို့ပေါ်က အမျိုးသမီးငယ်တွေ ရင်ဆိုင်နေကြရတဲ့ စိန်ခေါ်မှုကြီးကတော့ အလုပ်ပြုတ်မှာ ကြောက်နေရတာပါ။ဒီကာလမှာ အလုပ်ပြုတ်သွားရင် နောက်တစ်ခုပြန်ရဖို့က အမျိုး သမီးတွေ အတွက် ပိုခက်ခဲတယ်လေ”ဟု ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်နေ ကုမ္ပဏီ စာရင်းကိုင် အမျိုးသမီးတစ်ဦးက MPAသို့ပြောသည်။

အမျိုးသမီးငယ်တို့၏ ဝင်ငွေသည် အမျိုးသားများဝင်ငွေနှင့် နှိုင်းယှဉ်လျှင် လစာကွာဟမှု ၂၂ရာခိုင်နှုန်း ရှိကြောင်း အမျိုးသမီးများ၏ သုံးပုံတစ်ပုံသည် အလုပ်လက်မဲ့ဖြစ်နေကြပြီး အမျိုးသားများနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ မြင့်မားလျက်ရှိကြောင်း အစီရင်ခံစာက ဆိုသည်။

ထို့အပြင် အမျိုးသမီး လေးပုံတစ်ပုံနီးပါး သည် အိမ်မှုကိစ္စ တာဝန်များကြောင့် ပညာရေးမှ နှုတ်ထွက်ခဲ့ရပြီး၊ ၎င်းတို့၏ အိမ်ထောင်ဖက်က အလုပ်လုပ်ခြင်းမှ တားမြစ်ထားကြောင်း ပြောကြားသူများလည်း အများအပြားရှိသည်ဟုလည်း ဆိုသည်။

ယင်းအတားအဆီးများသည် အမျိုးသမီးများအား စီးပွားရေးနယ်ပယ်မှ ဖယ်ကျဉ်ထားသကဲ့သို့ ဖြစ်လာစေပြီး၊ ၎င်းတို့၏ ကိုယ်ပိုင်ရပ်တည်နိုင်မှုကို ကန့်သတ်ကာ မညီမျှမှုကို ပိုမိုနက်ရှိုင်းစေကြောင်း လည်း အစီရင်ခံစာကဆိုသည်။

စာတည်း-ML