မုံရွာမြို့ထိပ်တွင် ငွေတောင်းရမ်းနေသည့် စစ်သားများ မိုင်းဆွဲခံရပြီး ၃ဦးသေဆုံးဟုဆို

ဓာတ်ပုံ - မုံရွာခရိုင်အမှတ် ၄တပ်ရင်း၊ တပ်ခွဲ ၂(5/Commando Force)
ပုံစာ - ငွေတောင်းရမ်းနေသည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့စဉ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ထိပ်တွင်ငွေတောင်းရမ်းနေသည့် စစ်သားများကို PDFတို့ မိုင်းဆွဲခဲ့ရာ ၃ဦးသေဆုံးကြောင်းသိရသည်။

အောက်တိုဘာ ၄ရက်၊ ညနေ ၅နာရီ ၃၅မိနစ်ခန့်တွင် စွမ်းရည်ထက်ဆီဆိုင်ဂိတ်နှင့် မုံရွာမြို့အဝင် မအူဂိတ်ကြား မုံရွာ-မန္တလေးလမ်းမကြီးပေါ် ဖြတ်သန်းသွားလာသည့် ကားများကို ငွေတောင်းရမ်းနေသည့် စစ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာခရိုင် အမှတ် ၄တပ်ရင်း တပ်ခွဲ ၂ (5/ Commando Force)က သတင်းထုတ်ပြန်သည်။

” လမ်းကင်း‌ယူတယ်ခေါ်ရမှာပေါ့။ လမ်းကင်းယူရင်းနဲ့ ငွေကြေးကောက်တာလေ။ လမ်းကင်းယူတာ က အင်အား ၃၀ပေါ့။ မအူစစ်ဆေးရေးဂိတ်ကနေလာတာ။ မြို့အဝင်ဂိတ်ပေါ့။ အဝေးထိန်းမိုင်းက ၅လုံးတစ်ပွိုင့်ဗျ။ ရှေ့ထွက်မိုင်းပေါ့” ဟု မုံရွာခရိုင် အမှတ် ၄တပ်ရင်း တပ်ခွဲ ၂ (5/ Commando Force)တပ်ခွဲမှူး ကိုဝိုင်ဖိုင်က MPA သို့ပြောသည်။

ယင်းသို့မိုင်းဆွဲပြီးနောက် မအူစစ်ဆေးရေးဂိတ်မှ စစ်ကူထွက်လာသော စစ်သား၂၀ခန့်ကို ထပ်မံမိုင်း‌ဆွဲတိုက်ခိုက်ခဲ့ရာ ၅ဦး ဒဏ်ရာရရှိခဲ့သေးကြောင်းသိရသည်။

” ပထမဆုံးဆွဲလိုက်တဲ့အချိန်မှာ သူတို့မြောက်ဘက်ကနေ တပ်ကူတက်လာတယ်။ သူတို့ဆွဲခံရပြီဆို တော့။ တက်လာတဲ့ကောင်တွေကို ထပ်ဆွဲ။ တက်လာတာကတော့ ၂၀လောက်ရှိတယ်။ အဲ့ကောင်တွေကို ထပ်ဆွဲတာ ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းတိုက်ခိုက်မှုကို စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDFရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ထိခိုက်၊ သေဆုံးသူများကို စစ်သားများက သယ်ကာ မအူစစ်ဆေးရေးဂိတ်သို့ ပြန်ဝင်သွားကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်သည့် နေရာနှင့် မအူမြို့အဝင်စစ်ဆေးရေးဂိတ်သည် မီတာ ၃၀၀သာဝေးကြောင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ရက်ကလည်း ယင်းနေရာ၌ပင် ငွေတောင်းရမ်းနေသည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ဦးသေဆုံးခဲ့သေးကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၄တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys ၊ တပ်ခွဲ ၂ (5/ Commando Force)၊ တပ်ခွဲ ၄(5/ Teacher Force)၊ မုံရွာခရိုင် အမှတ် ၂၈တပ်ရင်း တပ်ခွဲ၃၊ တမူးခရိုင်အမှတ်၄ TSG တပ်ရင်းနှင့် ChinDwin Fighter Group အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။

စာတည်း-ML