ရန်ကုန်မြို့တွင် တစ်ပတ်တာအတွင်း မတရားဖမ်းဆီးခံရသူ ၂၇ ဦးရှိကြောင်း Rangoon Scout Network က သတင်းထုတ်ပြန်သည်။
ဩဂုတ် ၂၅ ရက်မှ ၃၁ ရက်အတွင်း ရန်ကုန်မြို့၊ကြည့်မြင်တိုင်၊ မင်္ဂလာဒုံ၊ လှိုင်၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ မင်္ဂလာတောင်ညွန့်နှင့် မရမ်းကုန်းမြို့နယ်တို့၌ စစ်ကော်မရှင်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၉ ဦး၊ ဧည့်စစ်ပြီးနောက် အဖမ်းခံရသူ ၆ ဦး၊ လမ်းမပေါ် ရှောင်တခင်အစစ်ခံရပြီး အဖမ်းခံရသူ ၄ ဦးနှင့် ဖမ်းဆီးခံရသည့်ပုံစံ စုံစမ်းနေဆဲ ၈ ဦး တို့ဖြစ်ကြောင်း Rangoon Scout Network က ဆိုသည်။
“အခုကတော့ ဩဂုတ်လ ၂၀ လောက်ကစပြီး ဧည့်စာရင်းစစ်တာကို ကျနော်တို့ လှိုင်(လှိုင်မြို့နယ်)မှာ ဖိဖိစီးစီးလုပ်လာတယ်။ သတင်းရလို့ လူလိုက်ရှာတာမျိုးတော့ မဟုတ်ဘူး။ဧည့်စာရင်းကို စီမံချက်ပုံစံ မျိုးနဲ့ သေချာလုပ်လာတာ။တခြားမြို့နယ်တွေလည်း ဧည့်စစ်များတယ်။ ကျနော့်အထင်ဆိုပေမဲ့ ရွေးကောက်ပွဲကြောင့်လုပ်တာသေချာတယ်”ဟု လှိုင်မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးနှင့်နီးစပ်သူတစ်ဦးက MPA သို့ပြောသည်။
ဩဂုတ် ၂၅ ရက်မှ ၃၁ ရက်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် မြို့နယ် ၁၃ မြို့နယ်မှ ဖြစ်စဉ် ၂၂ ခုကို သိရှိခဲ့ရပြီး ယင်း ၁၃ မြို့နယ်မှာရန်ကင်း၊ စမ်းချောင်း၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ အလုံ၊ သာကေတ၊ မြောက်ဒဂုံ၊ ကြည့်မြင်တိုင်၊ ပုဇွန်တောင်၊ သန်လျင်၊ တောင်ဒဂုံ၊ ဗဟန်းနှင့် အရှေ့ဒဂုံမြို့နယ်တို့ဖြစ်ကြောင်း Rangoon Scout Network က ထုတ်ပြန်သည်။
ဩဂုတ်လနောက်ဆုံး၁၀ရက်ပတ်အတွင်း အိမ်ပြောင်းရွှေ့ရန်ရှိသည်ဟုဆိုသော လူတစ်စု၏ ခေါ်ဆောင်ရာနောက် လိုက်သွားသည့် ဆိုက် ကားသမားများ ပျောက်ဆုံးနေမှုများ လှိုင်၊ ကြည့်မြင်တိုင်နှင့် တာမွေမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ပြီး စစ်မှုထမ်းသင်တန်းအတွက် လိမ်လည် ဖမ်းဆီးသွားကြပုံရကြောင်း Rangoon Scout Networkက ဩဂုတ်၂၉ရက်၌ သတင်းထုတ်ပြန်ထားသည်။
