တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ် ဒါရင်ဒရာမိုဒီတို့သည် မြန်မာစစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်၏ ရာဇဝတ်မိတ်ဖက်များဖြစ်ကြောင်း Justice For Myanmar ကဆိုသည်။
တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံလုံးသည် စစ်အုပ်စု၏ SCO အဖွဲ့ဝင်ဖြစ်ရေး တရားမဝင်တောင်းဆိုမှုကို ထောက်ခံထားပြီး စစ်အုပ်စုခေါင်းဆောင်မှုအတွက် ပံ့ပိုးကူညီမှုမှန်သမျှသည် ပြည်သူများအပေါ် ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်ဆင်ရေးကို တိုးမြှင့်ဆောင်ရွက်ရန် ရဲဆေးတင်ပေးမည် သာဖြစ်ကြောင်း Justice For Myanmar က ယနေ့(စက်တင်ဘာ၁ရက်) ထုတ်ပြန်သည်။
“မင်းအောင်လှိုင် အာဆီယံကနေ အကန်ခံထားရတဲ့အခြေအနေမှာ တရုတ်က SCO အဖွဲ့ကနေ လူရာ ပြန်သွင်းဖို့ ကြိုးစားလိုက်တာပါ။ဒါဟာ အာဆီယံကိုပါ တရုတ်က စော်ကားလိုက်တဲ့သဘောပဲ”ဟု ရန် ကုန်အခြေစိုက်နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
တရုတ်သမ္မတရှီကျင့်ဖျင်သည်မင်းအောင်လှိုင်ကို တီယန်ကျင်းမြို့တွင် ကျင်းပသည့် ရှန်ဟိုင်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ပြီး ရှီကျင့်ဖျင်က လုံခြုံရေး၊ နယ်စပ်လုံခြုံရေး၊ တည်ငြိမ်မှုပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးမှုအရှိန်မြှင့်တင်ရေးတို့အတွက် ပြည်တွင်းနိုင်ငံရေးဆိုင်ရာညီညွတ်မှု ကျယ်ပြန့်အားကောင်းလာစေရေးဆောင်ရွက်ရန် စစ်အုပ်စုအတွက် တရုတ်အကူအညီများအပါအဝင် မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း Justice For Myanmar ကထုတ်ပြန်သည်။
ဘေဂျင်းသည် စစ်အုပ်စုကို စစ်လက်နက်၊ အကာအကွယ်နှင့် ငွေကြေးများ ဆက်လက်ထောက်ပံ့ပြီး စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအား အားပေးကူညီလျက်ရှိသည်ဟုဆိုသည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီသည်လည်း စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်နှင့် သီးခြားတွေ့ဆုံခဲ့ပြီး၊ ကုန်သွယ်ရေး၊ သတ္တုတူးဖော်ရေး၊ စွမ်းအင်၊ ဆက်သွယ်ရေးတို့အပြင် လုံခြုံရေးတို့တွင် ဆက်ဆံရေးတိုးမြှင့်ရန် ပြောဆိုခဲ့ကာ မိုဒီနှင့် မင်းအောင်လှိုင်တို့ကြား အဆိုပါနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု သည် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအတွက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို လောင်စာဖြည့်ပေးမည့် နောက်ထပ်စစ်လက်နက်များ စစ်အုပ်စုထံ ပေးအပ်မည်ဟု အဓိပ္ပါယ် သက်ရောက်ကြောင်း JFMကဆိုသည်။
တရုတ်နှင့် အိန္ဒိယနိုင်ငံများအနေဖြင့် တရားမဝင်စစ်အုပ်စုအား နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာကူညီပံ့ပိုးမှုများကို ချက်ချင်းအဆုံးသတ်၍ စစ်လက်နက်ရောင်းချမှုများကိုလည်း ရပ်တန့်ထားရမည့်အပြင် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအား နိုင်ငံရေးတရာဝင်မှုပေးအပ်ခြင်းကိုလည်း ရပ်ဆိုင်းရမည် ဖြစ်ကြောင်း Justice For Myanmar ကထုတ်ပြန်သည်။
