အမေရိကန်၏ စစ်ရေးလွှမ်းမိုးမှုကို စိန်ခေါ်မှုတစ်ခုအဖြစ် ရှုမြင်ခံရသည့် အင်အားပြသမှုတစ်ခုအနေဖြင့် စက်တင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့် စစ်ရေးပြအခမ်းအနား၌ တရုတ်က လက်နက်သစ်အများအပြားကို ပြသသွားဖွယ် ရှိနေသည်။
မကြာသေးမီက ပြုလုပ်ခဲ့သည့် လေ့ကျင့်မှုအချို့မှ လူမှုမီဒီယာဓာတ်ပုံများနှင့် ဗီဒီယိုများကို စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ခွဲခြမ်းစိတ်ဖြာခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်းနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပမည့် အဆိုပါအခမ်းအနားတွင် သင်္ဘောဖျက်ဒုံးကျည်များ၊ ခေတ်မီရေအောက်ဒရုန်းများ၊ ဒုံးကျည်ကာကွယ်ရေးစနစ်များနှင့် အခြားသော နည်းပညာမြင့်ပစ္စည်းများပါဝင်ကြောင်း တွေ့ရှိခဲ့ကြသည်။
ယင်းအခမ်းအနားသို့ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်အတူ ရုရှားသမ္မတ ဗလာဒီမာပူတင်အပါအဝင် အခြားကမ္ဘာ့ခေါင်းဆောင်များလည်း တက်ရောက်ကြမည်ဖြစ်သည်။
ပြသမည့် စစ်လက်နက်ပစ္စည်းစာရင်းကို တာဝန်ရှိသူများက လျှို့ဝှက်ထားသော်လည်း စစ်ဘက်ဆိုင်ရာ စိတ်ပါဝင်စားသူများက ကြီးမားသော လေဆာလက်နက်ဟု ကောလာဟလထွက်ပေါ်နေသည့် လက်နက်အပါအဝင် အရေးပါသည့် စနစ်သစ်များကို လေ့လာ တွေ့မြင်ခဲ့ရပြီးဖြစ်သည်။
စစ်တပ်က ပြသသည့် စစ်လက်နက်ပစ္စည်းများအားလုံးသည် ပြည်တွင်းထုတ်ကုန်များဖြစ်ပြီး လက်ရှိ ဖြန့်ကျက်ချထားသည့် လက်နက်များ ဖြစ်ကြောင်းလည်း သိရသည်။
အလျား မီတာအတော်များများရှည်သည့် သင်္ဘောဖျက်ဒုံးကျည်သစ် လေးမျိုးဖြစ်သည့် YJ-15, YJ-17, YJ-19 နှင့် YJ-20 တို့ကို တွေ့ခဲ့ရသည်။ “YJ” သည် “Ying Ji” ကို အတိုကောက်ခေါ်ခြင်းဖြစ်ပြီး တရုတ်ဘာသာဖြင့် “သိမ်းငှက်တိုက်ခိုက်မှု” ဟု အဓိပ္ပာယ်ရသည်။
အဆိုပါ ဒုံးကျည်များကို သင်္ဘောများ သို့မဟုတ် လေယာဉ်များမှ ပစ်လွှတ်နိုင်ပြီး ကြီးမားသောရေယာဉ်များကို အကြီးအကျယ် ထိခိုက်ပျက်စီးစေရန် ဒီဇိုင်းထုတ်ထားသည်။ YJ-17, YJ-19 နှင့် YJ-20 မော်ဒယ်များသည် အသံထက် အနည်းဆုံး ငါးဆ ပိုမိုမြန်ဆန်သည့် အသံထက်မြန်သည့် ဒုံးကျည်များ ဖြစ်နိုင်ဖွယ်ရှိသည်။
“တရုတ်နိုင်ငံဟာ ထိုင်ဝမ်ရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်က တင်းမာမှုတွေကို ရည်ညွှန်းပြီး အမေရိကန်က တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ဆိုးရွားတဲ့ ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်အောင် အစွမ်းထက်တဲ့ သင်္ဘောဖျက်နဲ့ လေယာဉ်တင်သင်္ဘောဖျက် စွမ်းရည်တွေကို တီထွင်ရမယ်” ဟု စစ်ရေးသုံးသပ်သူနှင့် တရုတ်စစ်တပ်၏ ယခင်သင်တန်းနည်းပြ ဆုန် ကျုံ့ဖိန်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
လေ့ကျင့်မှုများအတွင်း တော်ပီဒိုပုံသဏ္ဌာန်ရှိသည့် ပိုမိုကြီးမားသော ရေအောက်မောင်းသူမဲ့ယာဉ်သစ် နှစ်စီးကိုလည်း တွေ့ရှိခဲ့ရသည်။
ပထမတစ်ခုမှာ “Naval News” ဝက်ဘ်ဆိုက်အရ “AJX002” ဟု တံဆိပ်ကပ်ထားပြီး အလျား ၁၈ မှ ၂၀ မီတာ (၅၉-၆၆ ပေ) ရှိသည်။ ဒုတိယတစ်ခုကိုတော့ ဖျင်စဖြင့်အုပ်ထားသည်။
Naval News ၏ အဆိုအရ တရုတ်သည် ရေပေါ်ရေတပ်အင်အားတွင် အမေရိကန်နောက်တွင် ရှိနေသေးသော်လည်း ၎င်းတွင် “အလွန်ကြီးမားသော မောင်းသူမဲ့ ရေအောက်ယာဉ်များ” (XLUUVs) အစီအစဉ်တွင် ကမ္ဘာ့အကြီးဆုံးဖြစ်ပြီး အမျိုးအစား ငါးမျိုးထက်မနည်း ရေထဲရောက်ရှိနေပြီဖြစ်သည်။
လျှို့ဝှက်ဆန်းကြယ်ဆဲဖြစ်သည့် HQ-29 ကို တရုတ်ကျွမ်းကျင်သူအချို့က ကမ္ဘာ့လေထုပြင်ပရှိ ကီလိုမီတာ ၅၀၀ (မိုင် ၃၁၀) အမြင့်၌ ဒုံးကျည်များကို တားဆီးနိုင်သည့်အပြင် အနိမ့်ပတ်လမ်းရှိ ဂြိုလ်တုများကိုပါ ဖျက်ဆီးနိုင်သည့် ဒုံးကျည်များ အဖြစ် ဖော်ပြကြသည်။
ဘီးတပ်ယာဉ်ပေါ်တွင် တပ်ဆင်ထားသည့် ဤစနစ်၌ ဒုံးကျည်ထည့်သည့် ကွန်တိန်နာနှစ်ခုပါရှိပြီး တစ်ခုချင်းစီ၏ အချင်းမှာ ၁.၅ မီတာခန့် ရှိသည်။
ယင်းစနစ်၏ စွမ်းရည်များသည် တရုတ်၏ ယနေ့အထိ အဆင့်အမြင့်ဆုံး ကြားဖြတ်စနစ်ဖြစ်စေပြီး ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး စနစ်များထဲမှ တစ်ခုဖြစ်နိုင်သည်။
ဒုံးကျည်များ၏ အမြင့်ဆုံးစွမ်းရည်ဖြစ်သည့် နျူကလီးယားထိပ်ဖူးများ တပ်ဆင်နိုင်သော တိုက်ကြီးဖြတ်ကျော်ပဲ့ထိန်းဒုံးကျည်များကို စစ်ရေးပြအခမ်းအနားတွင် အဓိကထား ပြသသွားမည်ဟု မျှော်လင့်ရသည်။
“တရုတ်က နျူကလီးယားလက်နက် မျိုးဆက်သစ်တွေကို ပြသသွားမှာပါ” ဟု လေ့လာသုံးသပ်သူ ဆုန်ကျုံ့ဖိန်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
စစ်ရေးပြအခမ်းအနားတွင် ပြသမည့် အခြားလက်နက်များကဲ့သို့ပင် နျူကလီးယားလက်နက်များသည် “တရုတ်နှင့် အမေရိကန်အကြား စစ်ရေးအင်အားမျှခြေကို ပိုမိုညီမျှစေရန် အထောက်အကူဖြစ်စေမည်” ဟုလည်း ၎င်းကဆိုသည်။
