မွန်တွင် မဲရုံစောင့်အထူးရဲခေါ်မရခြင်းကြောင့် စစ်အုပ်စုလက်ဝေခံ ပျူစောထီးအဖွဲ့ကို အစားထိုးရန် စီစဉ်နေ

ဓာတ်ပုံ - MOI
ပုံစာ - ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်မှာ အထူးရဲသင်တန်းပေးစဉ် (ပုံဟောင်း)

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲလုံခြုံရေးနှင့် မဲရုံစောင့်အထူးရဲအတွက် စစ်အုပ်စုလက်ဝေခံ လက်နက်ကိုင်ဆောင် ခွင့်ပေးထားသည့် ပျူစောထီးများကို ရွေးချယ်ခန့်အပ်ရန် စီစဉ်ထားကြောင်း အုပ်ချုပ်ရေးအဖွဲ့များနှင့် နီးစပ်သူများ က ပြောသည်။

စစ်အုပ်စုသည် အထူးရဲခေါ်ယူနိုင်ရေး သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များကို ညွှန်ကြားပြီးနောက် အရပ်သားများကို စည်းရုံမှုများ လုပ်ဆောင်ခဲ့သည်။

သို့သော် စစ်အုပ်စုထောက်ခံသူများမှလွဲပြီး ကျန်သာမန်အရပ်သားများသည် စစ်အုပ်စုခေါ်ယူနေသည့် အထူးရဲအဖွဲ့သို့ ဝင်ရောက်ရန် စာရင်းပေးသွင်းသူမရှိသလောက်နည်းပါးကြောင်း အုပ်ချုပ်ရေးအဖွဲ့အချို့က ပြန်ပြောသည်။

ထို့ကြောင့် စစ်အုပ်စုသည် ၎င်းတို့၏လက်ဝေခံဖြစ်သည့် ပြည်သူ့စစ်၊ အရန်မီးသတ်တပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့များ ကို ခေါ်ယူသွားနိုင်ရေး စီစဉ်နေကြောင်း သထုံမြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက MPA ကို ပြောသည်။

“သူတို့ ခေါ်တယ်၊ အုပ်ကြီးတွေကလေ ရွေးကောက်ပွဲရက်မှာ လုံခြုံရေးယူဖို့ လူလိုနေတယ်၊ ပိုက်ဆံလည်း ပေးမယ်တဲ့၊ အခုက ရွာမှာ လုံခြုံရေးဘာညာ ယူပေးတဲ့အဖွဲ့တွေပဲ ဝင်ချင်တဲ့ ဆန္ဒရှိတာ၊ ကျန်တဲ့ အရပ်သား ဘယ်သူမှ မဝင်ချင်ကြဘူး၊ ဝင်တဲ့သူလဲ မရှိဘူး” ဟု ၎င်းက ပြောသည်။

အထူးရဲတပ်ဖွဲ့ဝင်ပါက နေ့စားခအဖြစ် တစ်ရက် ငွေကျပ် ၂၀၀၀၀ ဝန်းကျင်ခန့်ပေးမည်ဟု သတင်းထွက်နေသည့်အပြင် အသုံးအဆောင် ပစ္စည်းများနှင့် ရိက္ခာအချို့ပါ ထောက်ပံ့ပေးမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် အထူးရဲထဲ မဝင်ပါက စစ်မှုထမ်းခိုင်းမည်ဟု ဒေသတွင်းလူငယ်များအပေါ် ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေကြောင်း ကျိုက်ထိုမြို့ခံတစ်ဦးက ပြောသည်။

“ဝင်တဲ့သူမရှိတဲ့အခါကျတော့ ပျူစောထီးလိုလူတွေပဲ သူတို့ထည့်ဖို့ စီစဉ်နေကြတာ၊ အဲဒီလိုကောင်တွေပဲ ဝင်ရဲတာ၊ ဘယ်သူပြည်သူကမှ ဝင်ရဲမှာမဟုတ်တာ၊ လူငယ်တွေဆို ဝင်သင့်တယ်၊ အဲဒီလိုပြောကြတာပေါ့၊ မဝင်ရင် စစ်မှုထမ်း ခိုင်းမယ်၊ ခြောက်တာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

ယင်းအပြင် ရွေးကောက်ပွဲနှင့် မဲရုံစောင့်လုံခြုံရေးအတွက် အထူးရဲတစ်ခုတည်းသာ တာဝန်ယူခိုင်းမည်မဟုတ်ဘဲ စစ်သား၊ ရဲတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ရမည်ဟု ပြောဆိုခဲ့သည်။

ယခင်အရပ်သားအစိုးရလက်ထက်တွင် အထူးရဲတပ်ဖွဲ့ဝင်ဝင်ရောက်သူများသည် သာမန်အရပ်သားများကို ခေါ်ယူ ပြီး သင်တန်းတစ်လနီးပါးကြာ ပေးလေ့ရှိသည်။

“သူတို့ ထည့်ချင်တဲ့သူထည့်မှာပေါ့၊ အားလုံးက သူတို့လက်ထဲမှာပဲ၊ ဘာကိုမှ ထပ်ပြောစရာမရှိဘူး၊ ကျတော်တို့က ပူးပေါင်းပါဝင်တဲ့သူအားလုံးကို ပြတ်ပြတ်သားသားအရေးယူမယ်လို့ အသိပေးထားပြီးသားပါ” ဟု မွန်ဒေသအခြေ စိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်အုပ်စုကျင်းပမည့်ရွေးကောက်ပွဲအပိုင်း(၁)၌ မွန်ပြည်နယ်တွင် ကျိုက်ထိုက်၊ သထုံ၊ ချောင်းဆုံ၊ မော်လမြိုင်၊ ကျိုက်မရောမြို့နယ်တို့ ပါဝင်သည်။

မွန်တွင် နိုင်ငံရေးပါတီ ၈ ခုဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းထဲက ပြည်နယ်အခြေစိုက်ပါတီနှစ်ခုပါဝင်သည်။

စာတည်း-ကိုဆန်း