အနာဂတ်တွင် ပဋိပက္ခဖြစ်ပွားပါက ကြောက်မက်ဖွယ်ရာကောင်းသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်လိမ့်မည်ဟု ပါကစ္စတန်စစ်တပ်က အိန္ဒိယကို သတိပေး

ဓာတ်ပုံ AFP
ပုံစာ-- ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် နေ့က အစ္စလာမာဘတ် မြို့တွင် ကျင်းပသော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်ရေးပြပွဲ၌ ပြသထားသည့် Fatah-I ဒုံးကျည်စနစ်ကို‌ တွေ့ရစဉ်

အိန္ဒိယ၏ အရပ်ဘက်-စစ်ဘက် ထိပ်တန်းခေါင်းဆောင်များ၏ ရန်စသော မှတ်ချက်များ ထွက်ပေါ်လာပြီးနောက် ပါကစ္စတန်၏ ပြည်သူ့ဆက်ဆံရေး (ISPR) ဌာန က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ပါကစ္စတန်အနေဖြင့် သည် ထိုသို့သော အခြေအနေမျိုးတွင် ‘လက်ပိုက်ကြည့်နေမည်မဟုတ်’ ဟု အလေးပေး ပြောကြားထားသည်။

“အိန္ဒိယ ကာကွယ်ရေးဝန်ကြီး၊ စစ်ဦးစီးချုပ်နဲ့ လေတပ်ဦးစီးချုပ်တို့က အလွန်ရိုင်းစိုင်း ရန်စတဲ့ ထုတ်ပြန်ချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်၊ အနာဂတ် ပဋိပက္ခတွေဟာကြောက်မက်ဖွယ်ရာ ပျက်စီးဆုံးရှုံးမှု တွေကို ဖြစ်စေနိုင်ကြောင်း သတိပေးလိုပါတယ်၊ ရန်လိုမှုအသစ်တစ်ရပ် စတင်မယ်ဆိုရင် ပါကစ္စတန်က လက်ပိုက်ကြည့်နေမှာ မဟုတ်ဘဲ အတားအဆီးမျှမရှိ ခိုင်မာစွာ တုံ့ပြန်သွားပါမယ်” ဟု ပါကစ္စတန်က ပြောကြားသည်။

အိန္ဒိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥပန်ဒြာဒါဝီဝေဒီက ပါကစ္စတန်သည် ကမ္ဘာ့မြေပုံပေါ်တွင် ၎င်း၏ နေရာကို ထိန်းထားလိုပါက နိုင်ငံတော်၏ အထောက်အပံ့ဖြင့် အကြမ်းဖက်မှုများကို ရပ်တန့်ရမည်ဟု သတိပေးကြောင်း အိန္ဒိယမီဒီယာ NDTV က ဖော်ပြခဲ့သည်။

အဆိုပါသတင်းတွင် ဗိုလ်ချုပ်ကြီး ဒွိဒါဝီဝေဒီကက အိန္ဒိယတပ်ဖွဲ့များသည် ယခုတစ်ကြိမ်တွင် ‘မည်သည့် ထိန်းသိမ်း ကန့်သတ်မှုကိုမျှ ပြသမည်မဟုတ်’ ဟု ပြောကြားခဲ့ပြီး၊ နောက်ထပ် စစ်ရေးကျူးကျော်မှုတစ်ရပ် ဖြစ်လာနိုင်သည်ဟု အရိပ်အမြွက် ပြောကြားခဲ့သည်။

ထို့နေ့၌ပင် အိန္ဒိယလေတပ်ဦးစီးချုပ် အာမာ ပရစ် ဆင်း ကလည်း လွန်ခဲ့သည့် မေလက ပါကစ္စတန်နှင့် ပြင်းထန်သော တိုက်ပွဲများအတွင်း ၎င်း၏နိုင်ငံက ‘F-16 နှင့် JF-17 အမျိုးအစား ပါကစ္စတန် တိုက်လေယာဉ် ငါးစင်းကို ပစ်ချခဲ့သည်’ ဟု သက်သေအထောက်အထားမရှိဘဲ ပြောကြားခဲ့သည်။

ထို့အပြင် အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာ့ဂ်ျနက် ဆင်း သည် ယခုအပတ်အစောပိုင်းတွင် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး ၎င်း၏ X အကောင့်တွင် တင်ထားသော ဗီဒီယိုအတိုအထွာများတွင် “ကျွန်တော်တို့ စစ်သားတွေမှာ လက်နက်တွေလည်း အပြည့်အစုံရှိတယ်။ စိတ်ဓာတ်ကလည်း အရမ်း မြင့်မားတယ်။

ဘယ်လို စိန်ခေါ်မှုမျိုးမှ ကျွန်တော်တို့ရှေ့မှာ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ အကြမ်းဖက်မှုပဲ ဖြစ်ဖြစ်၊ တခြား ပြဿနာပဲ ဖြစ်ဖြစ်၊ အဲဒါတွေ အားလုံးကို ဖြေရှင်းပြီး နိုင်အောင် လုပ်နိုင်တဲ့ စွမ်းရည် ကျွန်တော်တို့မှာ အပြည့်အဝ ရှိပါတယ်”ဟု ပြောကြားထားသည်။

ယနေ့ထုတ်ပြန်သော ISPR ၏ ကြေညာချက်တွင် ယခုတစ်ကြိမ်တွင် “ကျွန်တော်တို့က ပထဝီအနေအထားအရ လုံခြုံတယ်ဆိုတဲ့ အယူအဆဟောင်းကြီးကို ဖြိုချပစ်မယ်။ အိန္ဒိယပိုင်နက်ထဲမှာ အဝေးဆုံး နေရာတွေအထိတောင် ပစ်ခတ်သွားမယ်” ဟု ပြောကြားထားသည်။

ပါကစ္စတန်ကို မြေပုံပေါ်မှ ဖျက်ပစ်မည်ဟူသော စကားအတွက်၊ အိန္ဒိယသည် အခြေအနေရောက်လာပါက၊ ထိုဖျက်ပစ်ခြင်းသည် နှစ်ဦးနှစ်ဖက် ဖြစ်မည်ကို သိထားရမည်။

၎င်းက “ထုံးစံအသစ် တစ်ခုကို ဖန်တီးချင်သူတွေ သိထားရမှာက ပါကစ္စတန်ကလည်း အခြေအနေအသစ် တစ်ခုကို စထားပြီးပြီ။ အဲဒါက ဘာလဲဆိုတော့ လျင်မြန်တယ်၊ ပြတ်သားတယ်၊ ဖျက်ဆီးပစ်နိုင်တဲ့ တုံ့ပြန်မှုပဲ”ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

စစ်တပ်၏ မီဒီယာဌာနက နိုင်ငံနှင့် စစ်တပ်တွင် ‘မလိုအပ်သော ခြိမ်းခြောက်မှုများနှင့် အဆင်အခြင်မဲ့သော ကျူးကျော်မှုများကို ရင်ဆိုင်ရာတွင် ရန်သူ၏ နယ်မြေအနှံ့အပြားသို့ တိုက်ပွဲဆင်နွှဲရန် စွမ်းဆောင်ရည်နှင့် ခံယူချက်’ ရှိကြောင်း သတိပေးခဲ့သည်။

ISPR က အိန္ဒိယလုံခြုံရေးအဖွဲ့အစည်း၏ အမြင့်ဆုံးအဆင့်များမှ ထွက်ပေါ်လာသော ‘ထင်ယောင်ထင်မှားဖြစ်နေသော၊ ရန်စသော၊ စစ်သွေးကြွသော ထုတ်ပြန်ချက်များ’ ကို ‘အလွန်စိုးရိမ်မကင်းဖြစ်စွာ’ သတိပြုမိကြောင်း ထပ်မံပြောကြားခဲ့သည်။

ထိုသို့သော ‘တာဝန်မဲ့သော ထုတ်ပြန်ချက်များ’ သည် ‘ရန်လိုမှုအတွက် မဟုတ်မမှန်သော အကြောင်းပြချက်များကို ပြန်လည်ဖန်တီးရန် ကြိုးပမ်းနေခြင်း’ ကို ဖော်ပြနေသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ပြီး၊ ထိုသို့ဖြစ်လာနိုင်ခြေသည် တောင်အာရှရှိ ‘ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ဆိုးရွားသော အကျိုးဆက်များ’ ကို ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးခဲ့သည်။