မြန်မာနိုင်ငံသို့ လာရောက်သည့် ဆောင်းခိုငှက်များ ကုသိုလ်ဖြစ် ငှက်လွှတ်ရန်အတွက် ဖမ်းဆီးခံနေရ

ဓာတ်ပုံ - Wild Wings Group
ပုံစာ - မြန်မာနိုင်ငံသို့ ဆောင်းခိုနေသည့် စာဝါကျားငှက်များကို တွေ့ရစဉ်

ဘုရားစေတီများတွင် ကုသိုလ်ဖြစ် ငှက်လွှတ်ရန်အတွက် မြန်မာနိုင်ငံသို့ လာရောက်သည့် ဆောင်းခိုငှက်မျိုစိတ်များဖမ်းဆီးခံနေရ ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများထံမှ သိရသည်။

ဆောင်းခိုငှက်မျိုးစိတ်များသည် မိုးရာသီကုန်ပြီး‌နောက် ဆောင်းရာသီသို့ ကူးပြောင်းသည့် ကာလ၌ လာရောက်တတ်ကြပြီး အချို့ငှက်မျိုးစိတ်များသည် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် လာရောက်တတ်ကြကြောင်း Native Species Conversation & Identification (NSCI)အဖွဲ့မှ ကိုဝင်းပိုင်ဦးကပြောသည်။

” ဆောင်းခိုငှက်လေးတွေကို ဘုရားမှာလွှတ်ဖို့ ဖမ်းကြတာမျိုးတွေရှိတယ်။ ဖမ်းပြီးရင် လှောင်အိမ်သေးသေးလေးထဲမှာ အကုန်လုံးပေါင်းပြီးတော့ ထားတယ်။ ပြည့်နှက်နေအောင်ထားတဲ့အတွက် လွှတ်လိုက်ရင်တောင်မှ အသက်ရှင်ဖို့ရာခိုင်နှုန်းက အရမ်းနည်းတယ်။ အတောင်ကျိုးတာတွေ၊ ခြေထောက်ကျိုးတာတွေ၊ တစ်ချို့ဆို အသားပဲ့တာတွေ၊ မျက်စိကန်းတာတွေ ရှိတယ်၊ အဲဒါကြောင့်မို့လို့ ငှက်တွေနဲ့ပတ်သက်ပြီးလေ့လာနေတဲ့သူတွေက ဘုရားမှာငှက်လွှတ်တဲ့အလေ့အထကို မလုပ်ကြဖို့၊ ရပ်ကြဖို့ပြောကြတယ် ” ဟု ကိုဝင်းပိုင်ဦးက ပြောသည်။

ထို့ပြင် အကောင်ကြီးသည့် ဆောင်းခိုငှက်မျိုးစိတ်များကို ဖမ်းဆီးကာ အသားအတွက် စားသုံးခြင်း၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းများအပြင် နယ်စပ်ဒေသများရှိ ဈေးများအတွင်း အရောင်းအဝယ်ပြုလုပ်ခြင်းများ ကြုံတွေ့နေရကြောင်း ကိုဝင်းပိုင်ဦးက ဆက်လက်ရှင်းပြသည်။

ဆောင်းခိုငှက်မျိုးစိတ်များသည် မြန်မာနိုင်ငံတွင် အမြဲကျက်စားနေထိုင်ခြင်းမရှိဘဲ အခြားနိုင်ငံများမှ ဆောင်းတွင်းအခါမှသာ မြန်မာနိုင်ငံသို့ လာရောက်ရွှေ့ပြောင်းကျက်စားသော ငှက်မျိုးစိတ်များဖြစ်ကြသည်။

ကမ္ဘာ့မြောက်ခြမ်းဒေသများတွင် ပေါက်ဖွား ကျက်စားသောငှက်များသည် ဆောင်းရာသီ၌ ၎င်းတို့၏ အကောင်ပေါက်ကလေးများ အရွယ်ရောက်လာပြီး အကောင်အရေအတွက် ပို၍များပြားလာသည့် အချိန်တွင် ၎င်းတို့အစာရှာရာနေရာများကို ဆီးနှင်းများထူထပ်စွာ ဖုံးလွှမ်းခြင်းကြောင့် အစာရရှိရန်ခက်ခဲခြင်း၊ နေ့တာတိုပြီး ညတာရှည်သဖြင့် အစာရှာရန် အချိန်နည်းပါးခြင်း၊ နေရောင်ခြည်ရရှိမှုနည်းပါးခြင်းနှင့် အအေးဓါတ်လွန်ကဲခြင်း တို့ကြောင့် အစာပေါပေါများများရရှိနိုင်ကာ နေ့တာပိုရှည်ပြီး ရာသီဥတုပူနွေးသည့် ကမ္ဘာ့တောင်ဘက်ခြမ်းရှိ ‌ဒေသများသို့ ၎င်းတို့၏ ပျံသန်းရာ လမ်းကြောင်းအတိုင်း နှစ်စဉ်ပုံမှန် ပျံသန်းကျက်စားကြကြောင်း သိရသည်။

မြန်မာနိုင်ရှိ ရေဝပ်ဒေသများဖြစ်သည့် အင်းလေးကန်၊ အင်းတော်ကြီးအိုင်၊ ဧရာဝတီတိုင်းတို့တွင် ဆောင်းခိုငှက်မျိုးစိတ်များ အများဆုံး လာရောက်ကြလေ့ရှိကြောင်းလည်း သိရသည်။

ဆောင်းခိုငှက်မျိုးစိတ်များအနက် စာဝါကျားငှက်များသည် ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းမှုအန္တရာယ် စာရင်းဝင်နေသည့်အတွက် ထိန်းသိမ်းရန် လိုအပ်လျှက်ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများထံမှ သိရသည်။

” ငှက်‌‌အသေးလေးတွေက ဖမ်းဆီးခံရတာက ကုသိုလ်ဖြစ် ငှက်လွှတ်ဖို့ကြောင့် အဖမ်းခံရတယ်၊ ပြီးတော့ လယ်ယာစိုက်ခင်းတွေမှာ ပိုးသတ်ဆေး တွေ သုံးကြတော့ အဲဒါတွေကို စားသုံးမိပြီး သေတာ တွေလည်း ရှိတယ်၊ နောက်တစ်ခုက စားကျက် မြေတွေ ရှားပါလာတာ၊ အဓိကကတော့ လယ်ယာ မြေတွေ ချဲ့ထွင်ကြတာတွေကြောင့်ပေါ့၊ ဆောင်းခိုငှက် အသေးတွေထဲကဆို စာဝါကျားငှက် တွေက အတော်ကို ရှားပါးနေပြီ၊ ဒါကြောင့် ဖမ်းဆီးသတ်ဖြတ်တာတွေ၊ ငှက်လွှတ်တဲ့ ဓလေ့တွေကို ရှောင်ရှားသင့်ပါတယ် ” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူတစ်ဦးကပြောသည်။

” တကယ်လို့ ကျတော်တို့ကသာ မြန်မာနိုင်ငံကိုလာတဲ့ ဆောင်းခိုငှက်လေးတွေကို ဖမ်းဆီးမယ်၊ စားသောက်မယ်၊ သတ်ဖြတ်မယ်ဆိုရင်၊ နောက်ထပ်မျိုးဆက်ပြန့်ပွားဖို့အတွက် မလွယ်တော့ဘူး၊ သူတို့ရဲ့နေရပ်ဒေသကို မပြန်နိုင်ဘူးဆိုရင် အရမ်းအခက်အခဲဖြစ်သွားနိုင်တယ်၊ ဒါကြောင့်မို့ သူတို့ဆောင်းလာခိုတဲ့ အင်းတွေ၊ ကန်တွေ၊ တောတွေကို ထိန်းသိမ်းကာကွယ်မှုတွေလုပ်သင့်တယ်၊ ဒီနှစ် ဆောင်းရာသီမှာဆိုရင် ဘယ်ငှက်မျိုးစိတ်တွေကိုမသတ်ရဘူးဆိုပြီး တိကျတဲ့ စနစ်တွေထားရှိသင့်ပါတယ် ” ဟု ကိုဝင်းပိုင်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ငှက်မျိုးစိတ်ပေါင်း ၁၁၄၆ မျိုးရှိသည့်အနက် စာဝါကျားငှက်သည် မျိုးသုဉ်းမှုအန္တရာယ်ရှိနေသည့် ရှားပါးငှက်မျိုးစိတ် ၁၃ မျိုးတွင် ပါဝင်နေသည်။

ဆောင်းခိုငှက်အမျိုးအစားတွင် ရေငှက်နှင့် ကုန်းငှက် (တောငှက်) နှစ်မျိုးလုံးပါဝင်ပြီး မြန်မာနိုင်ငံတွင် ငှက်မျိုးစိတ်စုစုပေါင်း (၁၁၄၆)မျိုး မှတ်တမ်းတင်ထားရှိကာ ယင်းတို့အထဲတွင် ဆောင်းခိုငှက်မျိုးစိတ် (၄၀၀)ကျော်ပါရှိကြောင်း ဆရာသက် ဇော်နိုင်မှ ဆောင်းခိုငှက်များ၏ မိုင်ထောင်ချီခရီးစဉ် ခေါင်းစဉ်ဖြင့် လူမှုကွန်ရက်တွင် ဖော်ပြထားသည်။