ရန်ကုန်လမ်းများပေါ် လူဖမ်းဆီး ပေါ်တာဆွဲခြင်းများ လျော့ကျမသွား

ဓာတ်ပုံ-AFP
ပုံစာ- ရန်ကုန်တွင် ကင်းလှည့်နေသော စစ်သားများ(ပုံဟောင်း)

ရန်ကုန်မြို့ လမ်းမများပေါ် လူဖမ်းဆီး ပေါ်တာဆွဲမှုများမှာ လျော့ကျသွားခြင်းမရှိကြောင်း Rangoon Scout Network- RSN ၏ ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၂၅ခုနှစ်၊စက်တင်ဘာတွင် ရန်ကုန်၌ မတရားဖမ်းဆီးခံရသူ စုစုပေါင်း ၁၆၃ဦးရှိသည့်အနက် လမ်းမ ပေါ်သွားလာနေစဉ်၊ဆိုင်ထိုင်နေစဉ်နှင့် လမ်းဘေး၌ ထိုင်နေစဉ် ဖမ်းဆီးခံရသူ ၆၆ဦးရှိပြီး ဩဂုတ်လ အတွင်း လမ်းမပေါ်ဖမ်းဆီးခံရသူ ၆၂ဦးနှင့် ဇူလိုင်တွင် ၅၇ဦး ရှိကြောင်း RSN က ထုတ်ပြန်ထား သည်။

“ညမှောင်ချိန်တွေ နဲ့ လူပြတ်ချိန်တွေမှာ အများအားဖြင့် လိုက်ဆွဲတတ်ပါတယ်ဗျ။ လူထူထပ်တဲ့နေ ရာ နဲ့ နေ့ခင်းချိန်တွေလို ပေါ်တင်မျိုးတော့ သိပ်မလှုပ်ရှားတတ်ကြပါဘူး။ ဒါပေမဲ့၊ လူပြတ်ရင်တော့ ဆွဲဖို့ ချောင်းနေကြပါတယ်ဗျ။ အထူးသဖြင့် အမှတ်စဉ်အသစ်(စစ်မှုထမ်းအမှတ်စဉ်သစ်) စခါနီး လူ မပြည့်သေးချိန်တွေမှာ ပိုအတင့်ရဲကြပါတယ်”ဟု RSN တာဝန်ရှိသူက MPAသို့ပြောသည်။

၂၀၂၅ခုနှစ်၊ဇန်နဝါရီတွင် ရန်ကုန်လမ်းများပေါ် စစ်တပ်ဖမ်းဆီးခြင်းခံရသူ ၂၄၁ဦးနှင့် ဖေဖေါ်ဝါရီတွင် ၁၀၆ဦး အထိ ရှိခဲ့ရာမှ မတ်လတွင် ၂၆ဦး၊ဧပြီတွင် ၂၉ဦးနှင့် ဇွန်တွင် ၁ဦး အထိ လျော့ကျသွားခဲ့ပြီး နောက် ဇူလိုင်၊ဩဂုတ်နှင့် စက်တင်ဘာတို့၌ လမ်းမပေါ် ဖမ်းဆီးမှု ပြန်လည်မြင့်တက်လာခြင်းဖြစ် ကြောင်း RSN ထုတ်ပြန်ချက်များအရ သိရသည်။

“၂၀၂၅၊ ဖေဖော်ဝါရီလ အမှတ်စဉ် ၁၀ အပြီးမှာ(စစ်မှုထမ်း) လူစားထိုးထည့်တာတွေ မလုပ်ဖို့နဲ့ ပို့ထားတဲ့ စာရင်းအတိုင်းပဲ လိုက်‌ခေါ်ဖို့ဆိုပြီး ကျပ်လိုက်တော့ အဲ့နောက်ပိုင်း လမ်းပေါ်လူလိုက်ဆွဲ တာတွေ ယာယီနည်းသွားပါတယ်ဗျ။ ဒါပေမဲ့၊ လူမရလို့ဆိုပြီး အမှတ်စဉ် ၁၅ ဇူလိုင်လနောက်ပိုင်း ပြန်ဖြေလျော့ပေးလိုက်တယ်လို့ သိရပါတယ်။ အဲ့ကနေ ပြန်ပြီး လမ်းပေါ်လူလိုက်ဆွဲတာတွေ ပြန်များလာပါတယ်ဗျ”ဟု RSN တာဝန်ရှိသူက ဆက်လက်ပြောသည်။

ယခုအခါ ရန်ကုန်မြို့ ပွဲဈေးများသည် စစ်မှုထမ်းအတွက် ပေါ်တာဆွဲရန် ထပ်တိုးပစ်မှတ်နေရာ ဖြစ် လာကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က ဆိုသည်။