ရန်ကုန် ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင် တရားမဝင်ရွေးကောက်ပွဲအတွက် မဲစာရင်းကပ်ထား သော်လည်း သွားရောက်ကြည့်ရှုသူ မရှိသလောက် နည်းကြောင်း သိရသည်။
စက်တင်ဘာ၃၀ရက်မှစ၍ မဲစာရင်းကပ်ထားမည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေးရုံးများ၌ မဲစာရင်းများ ကပ်ထားကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။
“ရပ်ကွက်တွေမှာတော့ ဘုတ်ထောင်ပြီး မဲစာရင်း ကြေညာထားကြတာပါပဲဗျ။ လာစစ်ကြည့်ဖို့ကို အုပ်ကြီးအဖွဲ့တွေက လော်နဲ့လိုက်အော်နေကြပေမယ့် စိတ်ဝင်စားသူ မရှိပါဘူး။ သွားလည်း ကြည့်မနေကြပါဘူးဗျ။ ကြံ့ဖွတ်ပါတီနဲ့ အပေါင်းအပါတချို့ပဲ လုပ်နေကြတာပါ။ ပြီးခဲ့တဲ့လက စက်နဲ့မဲပေးတာ စမ်းတဲ့ပွဲတွေကိုတောင် မလာမနေရဆိုပြီး အကျပ်ကိုင်ခြိမ်းခြောက်လို့သာ တချို့အသွားပြခဲ့ကြတာပါ”ဟု Rangoon Scout Network မှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောသည်။
လှိုင်မြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးနေ ပြည်သူတစ်ဦးကလည်း ပြည်သူအချို့ ရပ်ကွက်ရုံးသို့ အဝင်အထွက်ရှိသော်လည်း မဲစာရင်းရပ်ကြည့်နေသူတစ်ဦးကိုမျှ မမြင်ဖူးသေး ကြောင်း အောက်တိုဘာ၆ရက်ညတွင် ပြောသည်။
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း နိုင်ငံရေးနိုးကြားမှု အရှိဆုံးသော ခရမ်းမြို့ပေါ်၌ မဲစာရင်းကြည့် မှုအခြေအနေနှင့် ပတ်သက်ပြီး ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်သို့ MPAက ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးက “ခရမ်းမှာက ကြည့်မယ့်သူကိုမရှိတာပါ။ မဲစာရင်း ဆိုင်းဘုတ်ပဲထောင်ထားပြီး ဘယ်သူမှ မကြည့်တဲ့အပြင် သေးတောင်ကော့မပန်းကြပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Thanlyin Media မှ တာဝန်ရှိသူတစ်ဦးကလည်း သန်လျင် ပြည်သူများက မဲစာရင်းကို စိတ်ဝင်စားမှု လုံးဝမရှိကြောင်း ဆိုသည်။
“ပြည်သူက စိတ်ဝင်စားမှု လုံးဝမရှိဘူးဗျ။ မဲစာရင်း ကြည့်ဖို့၊ လာစစ်ဖို့ စစ်ကော်မရှင်လက်အောက်ခံ ရပ်ကျေးတွေ အမျိုးမျိုးဖိအားပေးနေပေမဲ့လည်း ပြည်သူတွေအနေနဲ့ လုံးဝ စိတ်ဝင်စားမှု မရှိဘူးဆို တာကို တွေ့ရပါတယ်”ဟု ၎င်းက ပြောသည်။
မဲစာရင်းများကို စက်တင်ဘာ၃၀ရက်မှ အောက်တိုဘာ၁၃ရက်အထိ ပထမအကြိမ် ကပ်ထားမည်ဖြစ်ကာ အမှားပြင်ဆင်ပြီးနောက် နိုဝင်ဘာလအတွင်း နောက်ဆုံးအကြိမ် ထပ်ကပ်မည်ဟု တရားမဝင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
