ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ကွိုင်ငံရွာ(ရွာသစ်)သို့ စစ်ကော်မရှင်တပ်က တင့်ကားများဖြင့် စစ်ကြောင်းထိုးလာကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
ယနေ့(စက်တင်ဘာ ၁ရက်) ၊နံနက် ၁၀နာရီခန့်မှ စတင်ကာ စစ်တပ်သည် ကွိုင်ငံရွာသစ်သို့ လက်နက်ကြီး သုံးလုံးထက်မနည်း ပစ်ခတ်ပြီးတော့ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ရွာခံ အမျိုးသမီးကြီးတစ်ဦးက ပြောသည်။
“ဒီနေ့မနက် အဘွားတို့ ပေါင်းနှုတ်နေကြတာ၊ အိမ်ကသားလာခေါ်တော့မှ စစ်တပ်က စစ်ကြောင်းထိုးလာမှန်းသိတာ၊ စစ်ရှောင်တာကတော့ မနက်ထဲက ရှောင်နေရတယ်။ လက်နက်ကြီးနဲ့လည်းထု တင့်ကားနဲ့လည်းပစ်တော့ ဘယ်သူမှ မနေရဲတော့ဘူး” ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာမှုကြောင့် ကွိုင်ငံရွာသစ်အပြင် အနီးအနားရှိ ကျေးရွာနှစ်ရွာမှ ဒေသခံအားလုံး စစ်ဘေးရှောင်နေကြောင်း Karenni Hopeအဖွဲ့ တာဝန်ခံ ကိုလွှမ်းက ပြောသည်။
“၁၁နာရီလောက်က လက်နက်ကြီးစထုတယ်။ ရွာခံတွေတိမ်းရှောင်ဖို့ လိုလို့ ကယ်ဆယ်ရေးသွားတာပေါ့။ တချို့ကတော့ အကုန်လုံးပြောင်းတယ်။ အနီးကပ်ဆုံးရွာတွေကတော့ ပြောင်းတာတော်တော်ကုန်ပြီ၊ ကျတော်တို့လည်း တစ်လမ်းဝင် တစ်လမ်းထွက်အကုန်ပတ်ပြီးခေါ်တယ်။ ။တင့်ကားတွေပါတယ်လို့ကြားတယ်ဆိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ stand by ဖြစ်အောင်အသင့်ပြင်ထားပါတယ်”ဟု ကိုလွှမ်းက ပြောသည်။
စစ်ကြောင်းထိုးနေသည့် ကွိုင်ငံရွာသစ်အတွင်းသို့ MPA၏ မြေပြင်သတင်းထောက်မှ သွားရောက်ရာ ယနေ့ညနေ ၃နာရီ ၁၅မိနစ်တွင် စစ်ရှောင်သူ ပြည်သူအနည်းငယ်သာကျန်တော့ပြီး ကျန်သည့် ဒေသခံများမှာ နေအိမ်များသော့ခတ်၍ ဘေးလွတ်ရာသို့စွန့်ခွာသွားပြီဖြစ်သည်။
“အခုက ကွိုင်ငံရွာသစ်မှာ ဘယ်သူမှ မရှိတော့ဘူး။ ရွာထဲတော့ စစ်သားတွေ မရောက်လာသေးပါဘူး။ အားလုံးစစ်ရှောင်သွားပါပြီ။ဒေသခံအချို့ကတော့ မိန်းလမ်းအတိုင်း ပစ္စည်းတွေပြန်လာသယ်နေတုန်းပဲ၊ရွာသစ်ထဲကိုတော့ အခုချိန်(ယနေ့ ညနေ ၄နာရီ)ဖြတ်သန်းသွားလာလို့မကောင်းတော့ဘူး၊လက်နက်ကြီးဂရုစိုက်မှ ရမယ်။အခုထိထုနေတာ ကြားတဲ့အတိုင်းဆိုတော့လေ”ဟု ငွေတောင်ရွာသစ်အနီးရှိ တာဝန်ကျ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယခုကဲ့သို့ စစ်ကော်မရှင်က လက်နက်ကြီးနှင့် တင့်ကားများပါ အသုံးပြု စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံများ သတိထားနေထိုင်ရန်နှင့် ညဘက်အချိန်များတွင် မီးအသုံးပြုမှုကို သတိထားရန် ကရင်နီအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။
