မြန်မာတွင် ဖွံ့ဖြိုးမှုသည် ဇိမ်ခံပစ္စည်း၊ မှုခင်းများသာ မြင့်တက်လာဟု သံအမတ်ကြီးဆို

ဓာတ်ပုံ-ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
ပုံစာ- အောက်တိုဘာ၆ရက်အစည်းအဝေးတွင် သံအမတ်ကြီး မိန့်ခွန်းပြောနေစဉ်

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုသည် ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်လာပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့သောကြောင့် အမှုအခင်းများသာ မြင့်တက်လာကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

အောက်တိုဘာ၆ရက်၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည့် ကုလအစည်းအဝေး တစ်ရပ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တက်ရောက်မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သလို စစ်အုပ်စု၏ ကြီးလေးလှသော စစ်ရာဇဝတ်မှုများ၊ စစ်တပ်ကြောင့် အသက်ဆုံးရှုံးနေရသော မြန် မာပြည်သူ တို့အကြောင်းနှင့် စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲ စီစဉ်ခြင်းဖြင့် အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများကို ပိုမို ဖန်တီးလျက်ရှိကြောင်းလည်း ထည့်သွင်း ပြောကြား ခဲ့သည်။

“တရုတ်စပွန်ဆာနဲ့ လုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တစ်ယောက်တစ် ပေါက်ပြောနေတာမျိုးမဟုတ်ဘဲ စုစည်းမှုအင်အားနဲ့ ကန့်ကွက်ရှုတ်ချ ပယ်ချကြဖို့ လိုပါမယ်။ပြီး တော့ အာဆီယံအနေနဲ့ ပယ်ချဖို့ ဒါတွေကို NUGအစိုးရအနေနဲ့ သံတမန်ရေးအားထည့် လုပ်ဆောင် ဖို့ လိုပါမယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။

အလှည့်ကျ လျှပ်စစ်မီးပေးခြင်းက မြန်မာပြည်သူများ၏ လူနေမှုဘဝနှင့် ရင်းနှီးကျွမ်းဝင် သည့်အသွင်ဆောင်လာပြီး အင်တာနက်အသုံးပြုခြင်းအတွက် ကြားခံ VPN များ အသုံးပြုနေရ ကာ လူငယ်အများစုမှာ စစ်တပ်၏ အတင်းအကျပ် တပ်သားစုဆောင်းမှုကြောင့် ညအချိန် နေအိမ်များမှ ထွက်ခွာရန်ပင် ကြောက်ရွံ့နေရကြောင်းလည်း သံအမတ်ကြီးက ဆိုသည်။

ပြည်သူများအနေဖြင့် ဆက်လက် ကြံ့ကြံ့ခံ ခုခံသွားမည်ဖြစ်ပြီး နိုင်ငံတကာအသိုက် အဝန်းအနေဖြင့်လည်း ဤမျှ အရေးကြီးသော ကာလတစ်ခုတွင် မိမိတို့နှင့်အတူ ရင်ချင်း၊ ကျောချင်းကပ်ကာ ရပ်တည်၍ စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုရေစီ ပြည်ထောင်စု တည်ထောင်ရေးအတွက် ပံ့ပိုးပေးကြရန် တောင်းဆိုလိုကြောင်း၊ ရှေ့လမ်းခရီးသည် ကြမ်းတမ်းသော်လည်း နိုင်ငံတကာ၏ ထိရောက်သော အကူအညီများသည် မိမိတို့အတွက် တန်ဖိုးရှိမည်သာဖြစ်ကြောင်း၊ စစ်တပ်ထံသို့ နိုင်ငံရေး၊ စစ်ရေးနှင့် ငွေကြေး အကူအညီများနှင့် ထောက်ပံ့မှုများ ဖြတ်တောက် ခြင်းက နည်းလမ်းတစ်ခုမျှသာမဟုတ်ဘဲ မြန်မာပြဿနာအား အပြီးတိုင် ပြေလည်စေနိုင်မည့် ပန်းတိုင်တစ်ခုဖြစ်ကြောင်းလည်း ဆိုသည်။

ဆက်လက်ပြီး သံအမတ်ကြီးက လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက လုံခြုံရေးကောင်စီအား မြန်မာနိုင်ငံ အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံးထံသို့ မဆိုင်းမတွ လွှဲပြောင်းတင်သွင်းရန် တောင်းဆိုခဲ့ သည့် တောင်းဆိုချက်အား ထပ်လောင်းပြောဆိုလိုကြောင်းလည်း ဆိုသည်။

နိုင်ငံများအနေဖြင့် ရရာနည်းလမ်းများကို အသုံးပြုကာ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအား ရပ်တန့်ပေးရန်နှင့် ပြည်သူများ ၏ အသက်ကို ကယ်တင်၊ ကာကွယ်ပေးရန်လည်း သံအမတ်ကြီးက ထည့်သွင်းတောင်းဆိုသည်။