ရန်ကုန်တောင်ပိုင်းခရိုင်၊သန်လျင်မြို့ပေါ်တွင် ကျပ်သိန်း၁၀၀ကျော် အနုကြမ်းစီးသွားသူများ ဟု အများကလက်ခံထားကြသည့် ပျူစောထီးလူမိုက်များကို စစ်တပ်က ကျွေးမွေးစောင့်ရှောက်ထား ကြောင်း သိရသည်။
သန်လျင်မြို့၊အောင်ချမ်းသာရပ်ကွက်အပိုင် အေးသစ္စာတွင် အောက်တိုဘာ၁ရက်ညက တပ်ကြပ်ကြီး ၂ဦးနှင့် လူမိုက်မြင့်ခိုင်၏တပည့် ပျူစောထီးကျော်ကြီးတို့အဖွဲ့သည် အိမ်စီးကား၃စီးဖြင့် ရောက်လာ ကာ အိမ်တစ်အိမ်ထဲ အနုကြမ်းဝင်စီးခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ Thanlyin Media က ထုတ်ပြန်သည်။
“တပ်နယ်မှူးအထိ ၎င်းအနုကြမ်းစီးမှု ကို အကြောင်းကြားတော့လည်း အကြမ်းဖက်စစ်တပ်က တပ်ကြပ်ကြီးနှစ်ဦးလည်းပါနေတာရယ်၊ ပျူစောထီးလူမိုက်ကျော်ကြီးဆိုတာ ဦးပေါညောင်ပင်မှာ မူးယစ်ဆေးဝါးအကြီးကျယ်ရောင်းချပြီး၊စစ်မှုထမ်းပေါ်တာဆွဲနေတာကို လုပ်နေတော့ သူတိုလူတွေဆိုတော့ တပ်ကဘာအရေးယူမူမှ မပြုလုပ်ဘူး”ဟု Thanlyin Media မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အနုကြမ်းစီးသူများတွင် သေနတ်နှင့်ဓားများ ပါလာပြီး အိမ်ရှင်မိသားစုကို ရိုက်နှက်ကာ ငွေ လု ယက် သွားခြင်းဖြစ်ကြောင်း သိရသည်။
“ဒီကိစ္စကို လူတိုင်းပြောနေတော့ စစ်တပ်က ဗိုလ်ချုပ်ကျေးရွာရပ်ကွက်ရုံးမှာ တပ်စွဲထားတဲ့စစ်တပ် က အဲရုံးမှာပဲ ခေါ်ထားပြီး ခဏအဖမ်းပြပြီး အေးဆေး အိပ်လိုက်စားလိုက် ကျွေးမွေးစောင့်ရှောက်ထား တယ်။အမှန်ဆို ဒီကောင်တွေ ကို စစ်ကြောရေးပို့ပြီး အရေးယူရမှာလေ။တပ်နယ်မှူး ထွန်းလူရဲ့ လူဖြစ်နေလို့ ဘယ်စစ်ကြောရေးမှ မပို့ဘဲ သူတို့ဆီမှာပဲ ခေါ်ထားတာ”ဟု Thanlyin Media မှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
ပျူစောထီးခေါင်းဆောင် ကျော်ကြီးသည် သန်လျင်တပ်နယ်မှူး ဗိုလ်ချုပ်ထွန်းလူကို လစဉ် လိုင်းကြေး သိန်းရာနှင့်ချီပေး၍ ရာဇဝတ်မှုမျိုးစုံကျူးလွန်ကာ စီးပွားရှာနေသူဖြစ်ကြောင်း သိရသည်။
“ကျော်ကြီးတို့က ဘုရားကုန်း ဦးပေါညောင်ပင်ဘက်မှာနေတာပါ။ ကျော်ကြီးတို့အဖွဲ့ရဲ့ခေါင်း ဆောင်က လူမိုက်မြင့်ခိုင်ဆိုသူပါ။ သူက ၂၀၂၄၊ ၇လပိုင်းတုန်းက ထမလုံ ဘုရားငါးဆူက ဖဲဝိုင်းတခုမှ စစ်တပ်မိသားစုဝင်တစ်ဦးကို ဓားနဲ့ထိုးသတ်ပြီး ထွက်ပြေးတိမ်ရှောင်နေတာ အခုထိပဲ။ ကျော်ကြီးကို သူနေရာကိုလွှဲထားတာ။ ကျော်ကြီးက ဦးပေါညောင်ပင်ဘက်မှာ မူးယစ်ဆေးဝါးရောင်းတယ်။ စစ်မူထမ်းပေါ်တာဆွဲပြီး လူကုန်းကူးတယ်။ သန်လျင်အုတ်ဖိုစု ဘူတာနောက်မှာ ကြက်ဝိုင်းအကြီး ကြီး ထောင်ထားတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ကျော်ကြီးကို ထွန်းလူက ကျောထောက်နောက်ခံပြုထားသဖြင့် ယင်းကြက်ဝိုင်းကို စစ်တပ်ရော ရဲ ပါ ဝင်မဖမ်းရဲကြောင်း သိရသည်။
