ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ဝါးတော် ဘုန်းကြီးကျောင်းတွင် ဖဲဝိုင်းထောင်စား နေသည်မှာ နှစ်ချီကြာပြီဖြစ်ကြောင်း သိရသည်။
ပန်းဖယ် ၊ဝါးတော် ၊ ချောင်းစောက်ရွာ ၃ရွာပေါင်း ကိုးကွယ်ကြသည့် တောင်ခြေတိုက်နယ်အုပ်စုမှ ဝါးတော်ဘုန်းကြီးကျောင်းတွင် အကောက်ယူပြီး ဖဲဝိုင်းထောင်စားနေသည်မှာ ၂နှစ်ခန့်ရှိပြီဖြစ်ပြီး နေ့စဉ်ဖဲဝိုင်းရှိကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ အင်းလေးလူထုလှုပ်ရှားမှုက သတင်းထုတ်ပြန်သည်။
“ဘုန်းကြီးကျောင်းမှာ ပဌာန်းဖတ်သူကဖတ်၊ ဖဲရိုက်သူကရိုက်၊ ဂိမ်းဆော့သူကဆော့မို့ နာမည်ပျက် နေပြီ။ တော်တော်ပျက်စီးနေပြီ ” ဟုဒေသခံတစ်ဦးက ပြောကြောင်း အင်းလေးလူထုလှုပ်ရှားမှုက ဖော်ပြသည်။
ဖဲကစားသူများထဲတွင်မူ ဘုန်းကြီးများ မပါကြောင်း အင်းလေးလူထုလှုပ်ရှားမှုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဖဲရိုက်တဲ့သူတွေက ဒေသခံတွေ၊ အပြင်ကလည်း ပါတယ်”ဟု ၎င်းက MPAသို့ပြောသည်။
ယင်းဖဲဝိုင်းသည် စီးပွားဖြစ် ကြေးကြီးသည့်ဝိုင်းလား၊အပျော်တမ်းဝိုင်းလားဆိုသည်ကိုမူ မသိသေးပေ။
“ဝိုင်းကတော့ ဘယ်လိုဝိုင်းလဲ သေချာမသိရဘူးခင်ဗျ”ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့အပြင် ကျေးရွာတွင်လည်း မူးယစ်ဆေးဝါးရောင်းသူနှင့် သုံးစွဲသူ အများအပြားရှိနေကြောင်းလည်း အင်းလေးလူထုလှုပ်ရှားမှုက ဆိုသည်။
ဝါးတော် ဘုန်းကြီးကျောင်းသည် တောင်ပေါ်တွင် တည်ရှိပြီး ညောင်ရွှေမြို့ပေါ်နှင့် ၄ကီလိုမီတာခန့် သာ ဝေးကြောင်း သိရသည်။
