အစ္စရေးက စိုးရိမ်နေသည့် ဒုံးကျည်အစီအစဉ်သည် ‘စိတ်ကူးယဉ် ခြိမ်းခြောက်မှု’ ဟု အီရန် ပြောကြား

AFP

အီရန် သည် အမေရိကန်မြို့ကြီးများအထိ ရောက်ရှိနိုင်သည့် ဒုံးကျည်များ ကို တီထွင်နေသည်ဟု
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု၏ စွပ်စွဲချက်သည် မမှန်မကန် လုပ်ကြံပြောဆိုခြင်းသာ ဖြစ်ကြောင်း အီရန် အစိုးရက အောက်တိုဘာလ ၇ ရက်တွင် ပယ်ချလိုက်သည်။

အောက်တိုဘာ ၆ ရက်က ထုတ်ပြန်ခဲ့သည့် အမေရိကန် ပေါ့ဒ်ကတ်စ် တင်ဆက်သူ ဘင် ရှပီရို နှင့် အင်တာဗျူးတွင် နက်တန်ယာဟုက “အီရန်က အခု… ကီလိုမီတာ ၈,၀၀၀ အကွာအဝေး ပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေကို တီထွင်နေပါတယ်” ဟု ပြောကြားခဲ့သည်။

“ဒါက ဘာကို ဆိုလိုတာလဲ။ သူတို့က နောက်ထပ် ကီလိုမီတာ ၃,၀၀၀ ကို ပေါင်းထည့်လိုက်ရင် သူတို့ရဲ့ လက်နက်အောက်မှာ… နယူးယောက်စီးတီး၊ ဝါရှင်တန်၊ ဘော့စတွန်၊ မိုင်ယာမီ၊ မာရာလာဂို တို့ကို ပစ်မှတ်ထားနိုင်ပြီ” ဟု ၎င်းက အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်ပ် ၏ ဖလော်ရီဒါစံအိမ်ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီ က အစ္စရေးသည် အီရန်၏ ကာကွယ်ရေး စွမ်းရည် များကို ခြိမ်းခြောက်မှု အဖြစ် ပုံဖော်ရန် ကြိုးစားနေသည်ဟု ဆိုကာ ထိုမှတ်ချက်များကို ရှုတ်ချခဲ့သည်။

“အစ္စရေးက အခု ကျွန်တော်တို့ရဲ့ ကာကွယ်ရေး စွမ်းရည်တွေ ထဲကနေ စိတ်ကူးယဉ် ခြိမ်းခြောက်မှု တစ်ခု ဖန်တီးဖို့ ကြိုးစားနေပါတယ်” ဟု အာရာချီက X (ယခင် Twitter) တွင် ရေးသားခဲ့သည်။

အီရန်တွင် ကီလိုမီတာ ၂,၀၀၀ အကွာအဝေး ပစ်ခတ်နိုင်သည့် ရှဟာဘ်-၃ (Shahab-3) ဒုံးကျည်များ အပါအဝင် ပြည်တွင်းဖြစ် ပဲ့ထိန်းဒုံးကျည်များ ကို လက်နက်တိုက်ကြီး တစ်ခုအဖြစ် ပိုင်ဆိုင်ထားပြီး ယင်းအကွာအဝေးသည် အစ္စရေး အထိ ရောက်ရှိရန် လုံလောက်သည်။

ဇွန်လတွင်၊ အီရန်အတွင်းပိုင်းရှိ စစ်ရေး၊ နိုင်ငံရေးနှင့် နျူကလီးယားဆိုင်ရာ နေရာများကို ပစ်မှတ်ထားသည့် မကြုံစဖူးသော အစ္စရေး၏ တိုက်ခိုက်မှုများ အပြီး ၁၂ ရက်ကြာ စစ်ပွဲ တစ်ခု ဖြစ်ပွားခဲ့သည်။

ဇွန်လ ၂၄ ရက်နေ့ အပစ်အခတ်ရပ်စဲရေး နောက်ပိုင်းတွင် အီရန်နိုင်ငံရေးနှင့် စစ်ရေးအရာရှိများက စစ်ပွဲအတွက် ပြင်ဆင်ထားသော်လည်း မဖြစ်စေလိုကြောင်း ပြောကြားခဲ့သည်။

အနောက်နိုင်ငံများနှင့် အစ္စရေး က အီရန်သည် နျူကလီးယားလက်နက်များကို ထုတ်လုပ်ရန် ကြိုးပမ်းနေပြီး နျူကလီးယား ထိပ်ဖူးများ သယ်ဆောင်နိုင်သည့် ဒုံးကျည်များ တီထွင်နေသည်ဟု စွပ်စွဲနေကြသည်။

အီရန်ကမူ ၎င်း၏ နျူကလီးယား အစီအစဉ် သည် အရပ်ဘက် စွမ်းအင် နှင့် ဆေးဘက်ဆိုင်ရာ သုတေသန ရည်ရွယ်ချက်များအတွက်သာ ဖြစ်သည်ဟု ငြင်းဆိုထားသည်။