မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ တော်လှန်ရေးစိုးမိုးနယ်မြေတွင် လောင်းကစားဝိုင်းနှင့် မူးယစ်ဆေးဝါး ပေါများနေကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေဖြစ်သည့် ကျေးရွာကြီး ၈ ရွာထက်မနည်းတွင် ရွာနှင့် မနီးမဝေးရှိ တောတွင်းနှင့် လယ်တဲများ၌ လောင်းကစားဝိုင်းများ ပြုလုပ်နေသည်မှာ ၂ လနီးပါးရှိပြီဖြစ်ပြီး ရပ်ဝေးမှ လောင်းကစားသမားများပါ လာရောက်ဆော့ကစားကြကာ သိန်း ရာချီ လောင်းကြေးရှိ နေကြောင်း ယင်းလောင်းကစားဝိုင်း များဖွင့်မှုတွင် ရပ်ကျေးတာဝန်ခံများပါ ပါဝင်ပတ်သက်နေသည်ကို ဒေသခံများထံမှ သိရှိအတည်ပြုနိုင်ကြောင်း ယောအလင်းတန်းက ထုတ်ပြန်ထားသည်။
“အဓိက ပတ်သက်တာကတော့ ကျေးရွာ ရပ်ကျေးတာဝန်ခံတွေနဲ့ ဒေသတွင်း သက်ဆိုင်သူ တာဝန်ခံတွေပါ။အခုတလောမှ ပြန် ထ လာတဲ့သဘောပါ။Local PDF တွေ စိုးမိုးနယ်မှာလည်း လုပ်နေကြပါတယ်။အလိုတူအလိုပါ ငွေကောက်ပြီး လုပ်နေကြတာပါ။တစ်နေ့ကို ဆယ်ဂဏန်းအထိပေါ့ဗျာ။အထက်အဆင့်ဆင့်ခွဲယူကြပုံရပါတယ်။တစ်လ ဆိုရင်တော့ သိန်းရာချီမှာပေါ့”ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
လောင်းကစားဝိုင်းများတွင် ကြက်ဝိုင်း နှင့် ဖဲဝိုင်းများ ပါဝင်ပြီး လောင်းကစားဝိုင်းများ၏ လုံခြုံရေးအတွက် ရပ်ကျေးတာဝန်ခံများက အခကြေးငွေယူကာ အစောင့်ကင်းများချထား၍ လူစိမ်းများလာပါက သတိပြုနိုင်ရန် စကားပြောစက် အသုံးပြု၍ ကြိုတင် အသိပေးလေ့ရှိကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်တွင် အာဏာမသိမ်းမီကတည်းက မူးယစ်ဆေးဝါးများ ပျံ့နှံ့နေပြီး ယခုအချိန်တွင် ရာဘနှင့် ဆေးခြောက်တို့ကို လောင်းကစားဝိုင်းများတွင်သာမက နေရာစုံ၌ အလွယ်တကူ ဝယ်ယူရနိုင်သည်အထိ ပေါများနေကြောင်း သိရသည်။
“မူးယစ်ဆေးဝါးကတော့ပေါမှပေါ။ဘယ်နေရာက ယူမလဲ ရတယ်။တအားပြန့်နေတာပါ။သူ့အဆက်နဲ့သူပေါ့လေ။ တစ်ထောင်၊ ၂ ထောင်တန်ကနေ သောင်းပိုင်းအထိ အမျိုးအစား တံဆိပ်အလိုက်ကွာခြားပါတယ်။ဝိ ခေါ် ဆေးခြောက်ကတော့ အိန္ဒိယ ဘက်ကနေတစ်ဆင့် ချင်းနယ်ကလည်း ရနိုင်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
လောင်းကစားဝိုင်းများ တွင်ကျယ်စွာပြုလုပ်နေသည့် ကျေးရွာအမည်များကိုမူ လုံခြုံရေးအခြေအနေများကြောင့် ယောအလင်းတန်းက မဖော်ပြပေ။
၂၀၂၄ ခုနှစ် နှောင်းပိုင်းတွင် ဂန့်ဂေါနယ်အတွင်း လောင်းကစားဝိုင်းနှင့် မူးယစ်ဆေးဝါး ရောင်းချ သုံးစွဲသူများကို ဒေသတာဝန်ရှိသူများက ဖမ်းဆီးသဖြင့် ကြိတ်ဝိုင်းများမှအပ ဝိုင်းကြီးများ ငြိမ်သွားသော်လည်း ယခုနှစ် ဩဂုတ်လမှ စတင်၍ လောင်းကစားဝိုင်းများ ပြန်လည် ပြုလုပ်လာကြောင်း သိရသည်။
စာတည်း-ML
