ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်း၏ မြောက်ဘက် ၈၀ ကီလိုမီတာခန့်အကွာရှိ ထိုင်းငုယင်မြို့တွင် ယနေ့ (အောက်တိုဘာ ၈ရက်) က စံချိန်တင် ရေကြီးမှုများ ဖြစ်ပွားကာ ၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ရပ်ကွက်ပေါင်းများစွာ၏ လမ်းများပေါ်၌ ရေများ လွှမ်းမိုးခဲ့သည်။
ထိုင်းငုယင်မြို့၏ နယ်မြေဧရိယာများတွင် ကားခေါင်မိုးများနှင့် အိမ်ခေါင်မိုးများအထိ ရောက်ရှိလာသော ရေကြီးမှုများကြောင့် လူသောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ဗီယက်နမ်၏ တောင်ကုန်းထူထပ်သော မြောက်ပိုင်းတွင် ရေကြီးခြင်းနှင့် မြေပြိုခြင်းများကြောင့် ၈ ဦး သေဆုံးခဲ့ပြီး အခြား ၅ ဦးမှာ ပျောက်ဆုံးနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထိုင်းငုယင်မြို့ကို ဖြတ်သန်းစီးဆင်းနေသော ကောင်းမြစ် (Cau river) ၏ ရေမျက်နှာပြင်သည် စက်တင်ဘာလက ယာဂီ (Yagi) တိုင်ဖွန်းမုန်တိုင်း နိုင်ငံအတွင်း ဝင်ရောက်ဖျက်ဆီးခဲ့ချိန်မှ ၂၈.၈၁ မီတာ စံချိန်တင်အဆင့်ထက်ပင် တစ်မီတာကျော် ပိုမိုမြင့်တက်နေကြောင်း မိုးလေဝဌာနက ယနေ့ နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
ယခု ရေကြီးမှုများသည် မတ်မို (Matmo) တိုင်ဖွန်းမုန်တိုင်းမှ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ မုန်တိုင်းသည် တနင်္လာနေ့တွင် ဗီယက်နမ်သို့ ချဉ်းကပ်လာစဉ် အားနည်းသွားသော်လည်း မြောက်ပိုင်းကို ပြင်းထန်စွာ သက်ရောက်ခဲ့သည်။
မတ်မိုမုန်တိုင်း မတိုင်မီ တစ်ပတ်အလိုတွင် ဘာအလွိုင် (Bualoi) တိုင်ဖွန်းမုန်တိုင်းကြောင့်လည်း ရေကြီးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး ၅၆ ဦးထက်မနည်း သေဆုံးကာ စီးပွားရေးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ သန်း ၇၁၀ ကျော်အထိ ရှိမည်ဟု ခန့်မှန်းရသည်။
စစ်တပ်က တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော လန်ဆွန်ပြည်နယ်၏ ရေလွှမ်းမိုးနေသည့် ဒေသများရှိ လူများထံသို့ သောက်သုံးရေးများ၊ ခေါက်ဆွဲခြောက်၊ ကိတ်ခြောက်၊ နို့နှင့် အသက်ကယ်အင်္ကျီများ ချပေးရန် ရဟတ်ယာဉ် နှစ်စင်းကို အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
