၂၀၂၂ ခုနှစ်အကုန် ၂၀၂၃ ခုနှစ်အစကာလ ဖြစ်သည်။ ဆောင်းတွင်းကာလဆိုသော်လည်း ရန်ကုန်ရာသီဥတုက ထင်သလောက်မအေးလှ။
ညနေခင်းတစ်ခုတွင် အသက် ၂၆ နှစ်အရွယ်အမျိုးသမီးတစ်ဦး လမ်းကို ခပ်သုတ်သုတ် လျှောက်လာနေသည်။ သူမ၏ ခြေလှမ်းတွေက မြောက်ဒဂုံနှင့် သင်္ဃန်းကျွန်းမြို့နယ်ကို ဆက်သွယ်ထားသည့် ပုဇွန်တောင်ချောင်းကူးတံတားဆီသို့။
ထိုအချိန် ပတ်ဝန်းကျင်မှာဖြစ်ပျက်နေသည့် လှုပ်ရှားမှုအရာအားလုံးကိုမမြင်တော့။ ဖိအားများနှင့် အပူမီးသာ ပြည့်နှက်နေသည်။ ရင်ဘတ်အတွင်းဖြစ်ပေါ်နေသည့် အပူမီးက သူမမျက်နှာပေါ်တွင်အထင်းသားပေါ်လွင်နေသလို သူမတွင် ဦးတည်ချက်တစ်ခုသာရှိသည်။ အကြွေးရှင်များ၏ ဖိအားပေးသည့်ဒဏ်ကို မခံနိုင်တော့။
သူမနှင့်ရည်ငံနေသူထံ အကူအညီတောင်းခဲ့ပေမယ့် အဆင်မပြေ။ အရှေ့တွင်လည်း အကြိမ်ကြိမ်ကူညီဖြေရှင်းပေးခဲ့ပြီးဖြစ်၍ ဒီတစ်ကြိမ် မဖြစ်နိုင်မှန်းသူမသိနေသည်။ သို့သော်လည်း ရွေးချယ်စရာလမ်းကမရှိ။ ဖိအားဒဏ်ကို မခံနိုင်တော့သည့်အဆုံး မိမိကိုယ်ကို အဆုံးစီရင်တော့မည်ဖြစ်ကြောင်း ချစ်သူကိုပြောကာ ချောင်းကူးတံတားရှိရာသို့ သုတ်ခြေတင်ခဲ့တော့သည်။
“ညီမကို လိုက်ခေါ်ကြတာပေါ့။ အဲ့ဒီအချိန် ညီမစိတ်တွေလွတ်နေတာ။ တကယ်လို့လိုက်သာမခေါ်ရင် လုပ်ဖြစ်လိုက်ဖို့တောင် အစီအစဉ်ရှိတယ်” ဟု ထိုအချိန်ကဖြစ်ပေါ်နေသည့် စိတ်အခြေအနေကို ပြောပြသည်။
လွန်ခဲ့သော ငါးနှစ်ကျော် ၂၀၂၀ ခုနှစ်မတိုင်မီက မသဲစုသည် သွင်းကုန်ထုတ်ကုန်လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေသည့်အမျိုးသမီးတစ်ဦးဖြစ်သည်။ ထိုင်းနိုင်ငံကကုန်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းကာ လက်လီ၊ လက္ကားပြန်လည်ဖြန့်ဖြူးသည့် မသဲစု၏ လုပ်ငန်းမှာ အထိုက်အလျှောက်အောင်မြင်နေလေပြီ။
မသဲစုတွင် ထိုအလုပ်တစ်ခုတည်းမဟုတ်။ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့်ထုတ်လုပ်နေသည့် ရေမွှေးလုပ်ငန်းကိုလည်း သူမလုပ်ကိုင်နေသေးသည်။ စီးပွားရေးအထိုက်အလျှောက်အဆင်ပြေပြီး ငွေရှာနိုင်သည့် လူငယ်အမျိုးသမီးဖြစ်သည့်အလျှောက် ငွေသုံးစွဲသည့်နေရာတွင်လည်း နှမျောခြင်း အလျဉ်းမရှိပါ။ လူငယ်သဘာဝ သူငယ်ချင်းများနှင့် တစ်ခါတရံ ဘားဆိုင်ထိုင်ခြင်းမျိုး ရှိတတ်သည်။ အသုံးအဆောင် အလှကုန်ပစ္စည်းများဝယ်ယူရာတွင်လည်း ဖောဖောသီသီပင်။ သို့သော် စည်းလွတ်ဝါးလွတ် မဟုတ်။ အသိမိတ်ဆွေတစ်ဦးဦးကအကူအညီတောင်းလာသည့်အခါမျိုးတွင်လည်း လက်မနှေးဘဲကူညီပေးတတ်သဖြင့် သူမကို ချစ်ခင်ယုံကြည်သူအလွန်ပေါများခဲ့သူဖြစ်သည်။ ရှာလိုက်၊ သုံးလိုက်၊ စုလိုက်၊ ဆောင်းလိုက်ဖြင့် ဘဝကိုတည်တည်ငြိမ်ငြိမ်ဖြတ်သန်းနေသလို မသဲစု၏ အောင်မြင်ဆုံးအချိန်ဟု ပြော၍လည်းရသည်။
ပိုက်ဆံကို လိုသလောက်ရှာနိုင်သလို သုံးချင်သလောက်သုံးနိုင်သည့်အခြေအနေမှာပင် လုပ်ငန်းများမှရရှိသည့်အကျိုးအမြတ်ကို စုဆောင်းထားသည့်ငွေမှာ ကျပ်သိန်း ၃,၀၀၀ ကျော်ရှိသလို ကားတစ်စီးလည်း ပိုင်ဆိုင်ထားသေးသည်။
လုပ်ငန်းများအရှိန်ရနေချိန် ကံကြမ္မာဆိုးတစ်ခုက မသဲစုထံ မဖိတ်ခေါ်ပဲဝင်လာတော့သည်။ ၂၀၁၉ ခုနှစ်အကုန် ၂၀၂၀ ခုနှစ်အစ ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းဖြစ်ပေါ်ချိန်၊ အစိုးရကလော့ဒေါင်း(Lock Down)ချလိုက်သဖြင့် မသဲစုလုပ်ငန်းများရပ်တန့်ကုန်ပြီ။ လုပ်စရာအလုပ်ကမရှိ။ ဖြစ်ချင်တော့ ဒီမတိုင်မီ မိတ်ဆွေတစ်ဦးဆေးရုံတက်ရစဉ်က လူနာစောင့်ပေးရင်း အဆိုပါမိတ်ဆွေဖုန်းနှင့်ဆော့ခဲ့ဖူးသည့် ဂိမ်းတစ်ခုကို သတိရသွားသည်။ လူနာစောင့်ပေးချိန် သူငယ်ချင်းကဖုန်းဖြင့်ဆော့နေသည့် အွန်လိုင်းလောင်းကစားဂိမ်းတစ်ခုကို စမ်းဆော့ကြည့်ခဲ့ဖူးသည်။ ထိုအချိန်က အမှတ်မထားမိ။ အပျင်းပြေဆော့လိုက်ခြင်းသာ။
ကိုဗစ်ကြောင့် လုပ်ငန်းများရပ်တန့်နေချိန် ထိုဂိမ်းကိုပြန်ဆော့မိရာမှ သဲစုဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့သည်။ ဖုန်းမျက်နှာပြင်ပေါ်တွင်ထွက်ပေါ်လာသည့် ငါးများကို အမြောက်ပုံစံပြောင်းထဲမှ ကျည်ဆံဖြင့် ပစ်ဖမ်းရသည့်ဂိမ်း။ ဖမ်းမိသည့်ငါး အကြီး၊ အသေးပေါ်မူတည်ပြီး ငွေကြေးရသည်။ လိုအပ်သည့်ကျည်ဆံကိုလည်း ပိုက်ဆံထည့်ကာဝယ်ယူရသည့် ဂိမ်းမျိုးဖြစ်သည်။
“ငါးပစ်ဂိမ်းပေါ့။ တခြားစလော့တွေ ဘာတွေညီမဘာမှမသိဘူး။ အဲ့ဒီတစ်ခုပဲဆော့တာ။ သူငယ်ချင်းက နင့်အိုင်ဖုန်းနဲ့ဆော့လို့မရဘူး။ အန်းဒရိုက်ဖုန်းနဲ့ပဲဆော့လို့ရတယ်လို့ပြောတော့ ညီမချက်ချင်း အန်းဒရိုက်ဖုန်းတစ်လုံးဝယ်ပြီး စဆော့ဖြစ်သွားတာ”ဟု မသဲစုကဆိုသည်။
ပုံမှန်လုပ်နေကျအလုပ်တွေ ကိုဗစ်ကြောင့်ရပ်နားလိုက်ရသဖြင့် စိတ်ဓာတ်ကျနေချိန် စိတ်ထွက်ပေါက်တစ်ခုအဖြစ် အပျော်သဘောသာ စတင်ခဲ့ခြင်းလည်းဖြစ်သည်။ စွဲလမ်းသွားလိမ့်မည်ဟု မသဲစုမထင်ထား။ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းရှိသူတစ်ဦးအဖြစ် ယုံကြည်ထားခဲ့ခြင်းကြောင့်လည်း စခဲ့မိခြင်းဖြစ်သည်။ ဂိမ်းအတွက်လိုအပ်သည့်ကျည်ဆံကို ငွေကျပ်သုံးသိန်းဖိုးဝယ်ပြီး စမ်းကြည့်သည်။ ၁၀ သိန်းကျော်နိုင်သည်။ နိုင်သည့်ငွေကိုလည်းထုတ်ယူလိုက်သည်။ မိနစ်ပိုင်းအတွင်း ငွေ ၁၀ သိန်းကျော်လက်ထဲရောက်လာသဖြင့် မသဲစုပျော်သည်။ အလုပ်မရှိချိန် တစ်လအတွင်း ဝင်နိုင်မည့်ငွေပမာဏကိုခန့်မှန်းသည်။ စုဆောင်းမည့်ငွေပမာဏကိုပါ စိတ်ထဲတွင်ပိုင်းဖြတ်ထားသေးသည်။
သို့နှင့် ကျပ် ၁၀ သိန်းခန့်ထည့်၍ ထပ်ဆော့သည်။ နိုင်ပြန်သည်။ ရှုံးပွဲထက်၊ နိုင်ပွဲကများလေတော့ နောက်ထပ်ဖုန်းတစ်လုံးဝယ်၍ ထပ်ဆော့သည်။ နိုင်နေသေးသည်။ တစ်ပတ်အတွင်း ဂိမ်းနိုင်၍ရသည့်ငွေမှာ ကျပ်သိန်း ၂၀၀ နီးပါးဖြစ်လာချိန်မှာတော့ မသဲစု လောဘစိတ်များ ဖုံးလွှမ်းလာတော့သည်။
နောက်ထပ်ဖုန်းနှစ်လုံး ထပ်ဝယ်သည်။ ရည်ရွယ်ချက်က ဂိမ်းဆော့ဖို့သာဖြစ်သည်။ ဂိမ်းဝိုင်းတစ်ဝိုင်းလျှင် လူလေးဦးဆော့နိုင်သည်။ မျက်စိရှေ့တွင်လည်း တစ်ဦးမဟုတ်တစ်ဦးက အချီကြီးနိုင်သွားသည်ကို တွေ့နေရပြီ။ လက်ထဲတွင်လည်း နိုင်သည့်ငွေများကရှိနေသည်။ မသဲစုလောဘစိတ်ကိုထိန်းမရတော့။ ဂိမ်းဝင်ထားသည့် ဖုန်းတစ်လုံးကို ကျပ် ၁၀ သိန်းစီထည့်ကာ ငွေတစ်ခါထည့်လျှင် ကျပ်သိန်း ၄၀ ဖိုးထည့်ပြီး ဖုန်းလေးလုံးဖြင့် စတင်ခရီးနှင်တော့သည်။
“သိန်းတစ်ရာကျော်လောက်နိုင်နေတဲ့အချိန် ညီမရပ်လိုက်လို့ရတယ်။ ဒါပေမယ့် အဲ့ဒီနိုင်တဲ့အရသာကြီးကို အရမ်းစွဲသွားတာ”ဟု ဆိုသည်။
အစပိုင်းတွင်နိုင်ခဲ့သလောက် ဖုန်းလေးလုံးဖြင့်ဆော့ခဲ့သည့်နောက်ပိုင်း ရှုံးပွဲဆက်လာခဲ့သည်။ တစ်ခါရှုံးတိုင်း ထပ်ဖြည့်ရသည့်ငွေပမာဏကလည်းမနည်းလှ။ ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၃ သိန်းဝန်းကျင်သာရှိခဲ့သည့်အချိန်မှာ ဂိမ်းအတွက်ငွေတစ်ခါထည့်လျှင် သိန်း ၄၀။ ထည့်လိုက်သည့်ငွေမှာလည်း မိနစ်ပိုင်းအတွင်းကုန်သည်အထိ အခြေအနေဆိုးလာခဲ့သည်။
သို့သော် ရပ်တန့်ဖို့ စိတ်ကူးမရှိသေး။ ငါးပစ်ဂိမ်းစတင်ဆော့သည့်အချိန်က နိုင်ထားခဲ့သည့် ကျပ်သိန်း ၂၀၀ နီးပါးကုန်သွားသည့်အပြင် အိတ်ထဲကစိုက်ထုတ်ထားရသည့် ငွေပမာဏမှာ ကျပ်သိန်း ၂၀၀ ပင်ကျော်လာခဲ့ပြီ။
ထိုအချိန်အတွေးတစ်ခုဝင်လာသည်။ နိုင်ထားသည့်ငွေများ ကုန်လျှင်ကုန်ပါစေတော့။ စိုက်ထုတ်ထားရသည့် ကိုယ်ပိုင်ငွေ သိန်း ၂၀၀ တော့ ပြန်ရသင့်သည်ဟုဆိုကာ လိုက်ဆော့တော့သည်။ အရှုံးချည်းပဲတော့မဟုတ်။ နိုင်သည့်အလှည့်နိုင်သည်။ သို့သော်နိုင်၍ရလာသည့် ငွေပမာဏမှာ ရှုံးထားသည့်ငွေကို မကာမိနိုင်။ ထို့ကြောင့်ထပ်လိုက်ပြန်သည်။ ထိုသို့ ရှုံးသည့်ငွေပမာဏကိုကာမိအောင် လိုက်ဆော့ရင်း လုပ်ငန်းမှရရှိထားသည့် အမြတ်ငွေ ကျပ်သိန်း ၃,၀၀၀ ကုန်သည့်အပြင် ကားပါရောင်းပစ်လိုက်ရတော့သည်။
ထိုအချိန်အထိ ထိုဂိမ်းကိုမစွန့်လွှတ်နိုင်သေး။ လုပ်ငန်းငွေများကုန်သွားခဲ့သည့်တိုင် အများအမြင်တွင် အနေအထားမပျက်ရှိနေစေရန် ကားကိုတော့ မသဲစုပြန်လိုချင်သည်။ ကားရောင်း၍ရသည့်ငွေပါ ကုန်သည့်အချိန်မှာတော့ မသဲစုတစ်ယောက် ငွေချေးဖို့ စတင်ပါတော့သည်။
အောင်မြင်နေသည့် လုပ်ငန်းရှင်ပေါက်စတစ်ဦးဖြစ်သဖြင့် အသိမိတ်ဆွေများကလည်း မသဲစုအပေါ် ယုံကြည်ကြသည်။ သူမဖြစ်နေသည့်အခြေအနေကိုတော့ မည်သူမှမသိကြ။ လိုသလောက်ငွေကို လွယ်လွယ်ပင်ထုတ်ပေးကြသည်။
တစ်ဦးပြီးလျှင် နောက်တစ်ဦးထံက ချေးပြန်သည်။ ချေးသမျှငွေအားလုံးလည်း ကုန်သည်။ ထပ်ချေးသည်။ သည်လိုနှင့် မသဲစုတစ်ယောက် အကြွေးနွံထဲ နစ်မှန်းမသိနစ်လာတော့သည်။
“ချေးတော့လဲညီမလွယ်လွယ်ပြောတာပေါ့။ ဘယ်တော့ပြန်ပေးမယ်။ နောက်ပြီးဥပမာ သိန်း ၁၀၀ ယူတယ်ဆိုရင် ငါ ၁၅၀ ပြန်ပေးမယ်။ သိန်း ၅၀၀ ယူရင် ၆၀၀ ပြန်ပေးမယ်ဆိုတဲ့ ကတိတွေကို လွယ်လွယ်ပဲပေးခဲ့တယ်။ တစ်ယောက်ဆီကယူတာလဲကုန်။ နှစ်ယောက်ဆီကယူတာလဲကုန်။ အဲ့ဒီလိုနဲ့ယူခဲ့တာ ၆ ယောက်လောက်ရှိတယ်။ နောက်ဆုံး သိန်း ၂,၀၀၀ ကျော်လောက် အကြွေးတင်သွားပြီးနောက်ပိုင်း ညီမဘယ်သူ့ဆီကမှယူလို့မရတော့ဘူး”ဟု ပြောသည်။
အကြွေးနွံထဲနစ်နေသည့် ကာလတစ်လျောက်လုံး မသဲစုတစ်ယောက် ထိုဒဏ်ကို အလူးအလဲခံခဲ့ရသည်။ အကြွေးမပေးနိုင်သဖြင့် အတိုးကတက်လာသည်။ ခြိမ်းခြောက်မှုမျိုးစုံကိုလည်းခံရသည်။ အွန်လိုင်းပေါ်တွင် နည်းမျိုးစုံဖြင့် အရှက်ခွဲခံရသည်။ ရဲစခန်းခေါ်သွားကာ ထောင်ချခိုင်းသည်အထိကြုံသည်။ နောက်ဆုံး အကြွေးမပေးနိုင်သဖြင့် အိမ်သို့ရောက်လာပြီး ခေါင်းရိုက်ခွဲကြသည့် အထိပင်။
ကိုယ့်အမှားနှင့်ကိုယ်ဖြစ်၍ ငြိမ်ခံခဲ့သလို ကိုယ့်ကိုကိုယ်လဲအံ့ဩနေသည်။ ဂိမ်းစဆော့သည့်အချိန်မှစ၍ ခြောက်လအတွင်း ပိုင်ဆိုင်သမျှရုတ်တရက်ဆုံးရှုံးခဲ့သည့်အပြင် အကြွေးပင် သိန်းထောင်ချီတင်နေလေပြီ။ တည်ဆောက်ခဲ့သည့် သိက္ခာ၊ ပတ်ဝန်းကျင်၏ ယုံကြည်မှု၊ အောင်မြင်မှုများ ပျောက်ဆုံးသွားခဲ့ရသဖြင့် စိတ်လွတ်လာသည်။ အရူးတစ်ယောက်ကဲ့သို့ အော်ကြီးဟစ်ကျယ် အော်ဟစ်ခြင်းများလုပ်လာသည်။ မျက်နှာသွင်ပြင်ပင်လျှင် အပူသည်ရုပ်။ ယခင်အချိန်က တက်ကြွလန်းဆန်းမှုတွေ အတိပျောက်ဆုံးနေသည်။ အချို့အိမ်နီးချင်းများက ဆေးကြောင်နေသည်ဟု ထင်ကြေးပေးကြသည်။
လူများနှင့်တွေ့ရမှာကိုကြောက်လာသည်။ အိမ်အပြင်မပြောနှင့် အခန်းတွင်းမှအခန်းပြင်ကိုပင်မထွက်ချင်။ စားချင်သောက်ချင်စိတ်လဲမရှိ။ အကြွေးရှင်များဖုန်းခေါ်လာသည့်အခါမျိုးတွင် ခေါင်းနပန်းကြီးရသည်။ နောက်ဆုံး ဖုန်းသံမည်လာမှာကိုပင်ကြောက်နေသည်။ တောက်လောင်နေသည့် အကြွေးပူကို ငြှိမ်းသတ်ဖို့နည်းလမ်းလည်း သဲစုတွင်မရှိတော့။ လုံးဝပျောက်ကွယ်သွားချင်သည့် စိတ်များတဖွားဖွားပေါ်လာသည်။
“သတ်သေချင်စိတ်တွေ တကယ်ဖြစ်ခဲ့တာ”ဟု သူကမဆိုသည်။
ထိုဒဏ်များကို မသဲစု တစ်နှစ်ဝန်းကျင်လောက်ခံစားခဲ့ရပြီး ကြံရာမရတော့သည့်အဆုံး အထက်တွင် ဖော်ပြထားသကဲ့သို့ ချစ်သူထံဖုန်းဆက်ပြောကာ ကိုယ့်ကိုကိုယ်အဆုံးစီရင်ရန် ကြံစည်တော့သည်။
သို့သော်မဖြစ်ခဲ့။ ဂိမ်းကိုလဲ မစွန့်လွှတ်နိုင်သေး။ အကြွေးပတ်လည်ဝိုင်းနေသည့်အခြေအနေကိုလည်း လက်မခံနိုင်လေတော့ ငွေရသည်နှင့် ဂိမ်းကိုသာဖိဆော့နေတော့သည်။ သို့သော် ယခုတင်နေသောအကြွေးများမှာ ဂိမ်းကြောင့်ဖြစ်သည်ကို မည်သူကမှမသိခဲ့သလို မသဲစုကလည်း မည်သူ့ကိုမှမပြောပြရဲ။
“ငါပြန်ရ ရမယ်၊ ငါပြန်ရ ရမယ်ဆိုတဲ့ စိတ်နဲ့။ အဲ့ဒီနွံထဲကို တိုးလေတိုးလေနစ်လေဖြစ်သွားတာလေ။ လုံးဝရုန်းမထွက်နိုင်တော့ဘူးအဲ့ဒီကာလမှာ။ အိမ်ကလဲကိုယ့်ကိုမထောက်ပံ့ဘူး။ လုံးဝမပေးဘူး။ သူတို့ကိုပြောပြပြီး ထောက်ပံ့ခိုင်းတဲ့အချိန်မှာလဲ လုံးဝမထောက်ပံ့ဘူး။ နင့်ဘာသာနင်လုပ်ရမယ်။ သူတို့မဖြေရှင်းနိုင်ဘူး။ သူများကထောင်ချရင်တောင် ထောင်ထဲဝင်သင့်တယ်ဆိုတဲ့ပုံစံမျိုးတွေ ပြောလာတဲ့အတွက် ကိုယ်ကလုံးဝကူကယ်ရာမဲ့ဖြစ်သွားတယ်။ အဲ့ဒီအချိန်လုံးဝအရူးတစ်ပိုင်း ဖြစ်သွားတာ”ဟု ဆိုသည်။
အဆိုပါ အွန်လိုင်းလောင်းစကားဂိမ်းလုပ်ငန်းလုပ်နေကြသူများမှာ လူတစ်ဦးချင်းစီထည့်ဝင်သည့် ငွေပမာဏကိုကြည့်ပြီး သုံးနိုင်သည့်ငွေပမာဏကို ခန့်မှန်းနိုင်သည်။ လူလောဘစိတ်ကိုကောင်းစွာ နားလည်သည်။ သားကောင်တစ်ဦးချင်းစီအလိုက် ငွေပမာဏမည်မျှပေးလိုက်လျှင် ထိုသူအတွက် မက်လုံးဖြစ်မည်ကို သိရှိပြီးဖြစ်သည်။ ဆက်လက်ဆော့ကစားချင်အောင်လည်း စွဲဆောင်နိုင်သည်။ အဆိုပါဂိမ်းကို စတင်ထိတွေ့သူတစ်ဦးအနေဖြင့် စွဲလမ်းသွားသည်ကများသည်။
“ငါးပစ်ဂိမ်း၊ စလော့ဂိမ်းတွေအပါအဝင် ဂိမ်းပေါင်း ၅၀၀ ကျော်ကို တစ်နေရာထဲမှာဆော့နိုင်မယ့်အပြင် ငွေသွင်း၊ ငွေထုတ်မြန်ဆန်ပြီး တိကျမှန်ကန်တဲ့ ဂိမ်းတွေကိုဆော့ချင်တယ်ဆိုရင်”ဟု အစချီထားသည့် ဂိမ်းအွန်လိုင်းလောင်းကစား(Online Gambling) ကြော်ငြာများမှာလည်း ပုံမှန်အားဖြင့် လူမှုကွန်ရက်စာမျက်နှာ (Facebook)၊ တစ်တော့ (TiKTok)၊ ယူကျု(You Tube)၊ ဗိုက်ဘာ(Viber)၊ တယ်လီဂရမ်ချန်နယ်ပေါင်းစုံတွင် တွင်တွင်ကျယ်ကျယ် ပျံ့နှံနေသလို အထူးသဖြင့် လူငယ်များနှင့် အွန်လိုင်းအသုံးပြုသူအများစုကို ပစ်မှတ်ထားစွဲဆောင်လေ့ရှိသည်။
အွန်လိုင်းလောင်းစကားမှာ လွယ်ကူမြန်ဆန်သည့် ငွေရလမ်းတစ်ခုအဖြစ်မြင်ရသော်လည်း လက်တွေ့တွင် ဘဝကိုထိခိုက်စေသည့် အန္တရာယ်များကကပ်ပါလာစမြဲပင်။ အဆိုပါ ဂိမ်းစနစ်များမှာ ကစားသူသာရှုံးနိမ့်စေရန် ရည်ရွယ်စီမံထားခြင်းဖြစ်ပြီး ပိုမိုကြီးမားသည့် ပမာဏကို ပြန်လည်လောင်းကစားလုပ်ရန် တွန်းအားပေးသည့် ထောင်ချောက်သက်သက်သာဖြစ်သည်။ လောင်းကစားပြု၍ နိုင်သည့်အခါပင်လျှင် အနိုင်ရသည့်ငွေကို ထုတ်ယူသည့်အခါ အကောင့်ပိတ်ခြင်း၊ နည်းပညာဆိုင်ရာချွတ်ယွင်းမှုများကိုအကြောင်းပြခြင်း၊ အပိုဆောင်းအခကြေးငွေ တောင်းခံခြင်းများပြုလုပ်ပြီး ထုတ်မပေးဘဲ ရှောင်လွှဲလေ့ရှိသည်။
ထိုသို့အလိမ်ခံရသူအများစုကလည်း အပြင်သို့ထုတ်ပြောရန် ဝန်လေးတတ်ကြသည်။
အဆိုပါဂိမ်းများကစားရသည်မှာ ရိုးရှင်းလွယ်ကူပြီး ဆန်းသစ်သည့် ရုပ်ထွက်နှင့် ပုံစံမျိုးစုံရှိတာကြောင့် ကစားသူများကို အလွယ်တကူပင်စွဲဆောင်နိုင်သည်။ လူစိတ်ဝင်စားမှု အများဆုံးနှင့် ကစားသူအပေါ် ဒုက္ခအပေးဆုံးဂိမ်းများမှာ စလော့ဂိမ်းများ၊ စက်လှည်းဂိမ်းများ၊ ကစားသူကိုယ်တိုင် ကိုင်တွယ်နိုင်ပြီး အပြင်မှာ ကာစီနိုဆော့နေရသည့်ခံစားချက်ကိုရစေသည့် ဂိမ်းများ၊ ဘလက်ဂျက် Blackjack ဂိမ်း၊ Roulette (ရူးလက်ဂိမ်း)၊ Baccarat (ဘက်ကာရက်) နှင့် Poker (ဖဲချပ်)ဂိမ်းများအပြင် မသဲစု စွဲစွဲမြဲမြဲဆော့ခဲ့သည့် ငါးပစ်ဂိမ်းမှာလည်း လူကြိုက်အများဆုံးစာရင်းတွင်ပါဝင်နေသည်။
အလုပ်ပြန်လုပ်၍ရသည့်အချိန်တွင် သဲစုတစ်ယောက်သူ့လုပ်ငန်းတွေကိုပြန်လည်ပတ်သည်။ အလုပ်ပြန်လုပ်သည်။ သို့သော်ဂိမ်းကတော့ ဆော့နေဆဲ။ လုပ်ငန်းမှရသည့်ငွေများလည်း ဂိမ်းထဲပါမြဲပါလျက်ပင်။ လုပ်ငန်းကရသည့် အမြတ်အစွန်းလည်း သဲစုလက်ထဲတွင်မရှိ။ အကြွေးလည်းမဆပ်နိုင်။
သို့နှင့် ၂၀၂၃ ခုနှစ်အတွင်း မသဲစုတစ်ယောက် အိုင်တီပညာရှင်အမျိုးသားတစ်ဦးနှင့်အကြောင်းပါခဲ့သည်။ အိမ်ထောင်ကျပြီး တစ်နှစ်ဝန်းကျင်ရောက်လာတော့ ရင်သွေးလွယ်ထားရသည်ကို သိလိုက်ရသည်။
မသဲစုတွေးလေပြီ။
လူ့လောကထဲရောက်လာတော့မည့် (သားဦး)လေးကြောင့် သဲစုတစ်ယောက် အသိတရားဝင်လာခဲ့သည်။ အကြွေးပတ်လည်ဝိုင်းနေသည့်ဘဝမျိုးဖြင့် (သားဦး)လေးကိုမခေါ်ရက်။ ဒီခံစားမှုမျိုးလည်း လုံးဝမခံစားချင်တော့။ ဒီအပူများနှင့် ရှေ့ဆက်၍မရမှန်းကိုလည်း သဲစုနားလည်လာသည်။ ဒီနွံထဲမှ ရုန်းထွက်ချင်ပြီ။ တင်နေသည့်အကြွေးများကို ကျေအောင်ဆပ်နိုင်မှန်းလည်း ယုံကြည်သည်။ သူမငွေရှာနိုင်သည်။ ရှာလည်းရှာခဲ့ဖူးသည်။ ငွေရှာနိုင်သည့်ပညာလည်းရှိနေပါလျက် ဒီပြဿနာအပူမီးကို ဘာကြောင့်ခံနေမှာလည်းဆိုပြီး ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။
ထိုဆုံးဖြတ်ချက်ကား ဂိမ်းဆော့သည့်အလုပ်ကို လုံးဝရပ်တန့်လိုက်ခြင်းပင်။
“အရမ်းကြောက်တယ်။ ဘာမှမသိတဲ့ကိုယ့်ကလေးပါ ကိုယ့်ကြောင့် ပူလောင်မှုတွေခံစားရမှာကို အရမ်းကြောက်တယ်။ ကလေးမျက်နှာတစ်ခုတည်းနဲ့ ညီမဒီနွံထဲကရုန်းထွက်ခဲ့တာ။ ပြဿနာတွေကိုရင်ဆိုင်ခဲ့တာ”ဟု ပြောရှာသည်။
ထိုအချိန် အကြွေးရှင်အားလုံးကို အသိပေးသည်။ ဂိမ်းကြောင့်ဖြစ်သည်ဆိုတာကို ချပြသည်။ အကြွေးများကျေအောင်ဆပ်မည်ဆိုသည့် ကတိကိုလည်း တိတိကျကျပေးသည်။ အတိုးများကို ရပ်တန့်ပေးရန်လည်းညှိနှိုင်းသည်။ အရှက်ခွဲခြင်းမျိုးမလုပ်ဘဲ ကူညီပေးရန်တိုက်တွန်းသည်။ အရှက်ခွဲလျှင် လုပ်ငန်းမအောင်မြင်နိုင်။ လုပ်ငန်းမအောင်မြင်လျှင် အကြွေးမဆပ်နိုင်ကြောင်းကို သေသေချာချာရှင်းပြသည်။
လက်ခံကြပြီ။ အကြွေးရှင်တစ်ဦးချင်းစီတိုင်းကို ပြောထားသည့် စကားကိုလည်းတည်အောင်ကြိုးစားသည်။ ထို့နောက် အလုပ်ကိုယခင်ကထက် ဆတိုးလုပ်သည်။ လုပ်ငန်းများလည်းချဲ့ထွင်ကာ ဂိမ်းဆော့မည့် အချိန်များကို သမီးငယ်လေးအတွက်ပေးသည်။
ငွေ၏ တန်ဖိုးကိုလည်းနားလည်လာခြင်းကြောင့် ယခင်ကလို ဘားထိုင်ခြင်းများ၊ သောက်စားခြင်းများကိုပါ ရပ်တန့်ပြီး ကလေးအတွက်သာ အချိန်ပေးသည်။ ငါးဖမ်းခြင်းကိုစွန့်လွှတ်လိုက်ခြင်းကြောင့် ငွေပိုငွေလျှံများထွက်လာသည်။ တင်နေသည့်အကြွေးများခွဲဆပ်သည်။ ယခုဆိုလျှင် ကျပ်သိန်း ၂,၅၀၀ လောက်တင်နေသည့်အကြွေးက သိန်း ၅၀၀ လောက်သာကျန်တော့သည်။ ၂၀၂၅ ခုနှစ်အတွင်း အကုန်ကျေအောင်ဆပ်မည်ဟု ရည်မှန်းထားသော်လည်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေအနေများကြောင့် ၂၀၂၆ ခုနှစ်အတွင်း အကျေဆပ်မည်ဟု ပြောင်းလဲသတ်မှတ်ခဲ့ရသည်ကလွဲ၍ အရာအားလုံးအဆင်ပြေပြေပင်။
“ညီမအလုပ်ကိုပဲဖိလုပ်တယ်။ ကလေးအတွက်ပဲအချိန်ပေးတယ်။ အဓိကကတော့ ဖိအားတွေကနေတွန်းအားဖြစ်လာတာပေါ့”ဟု မသဲစုက ပြောသည်။
မသဲစုလိုပဲ အွန်လိုင်းဂိမ်းအမျိုးမျိုးကြောင့် အကြွေးပတ်လည်ဝိုင်းနေသူက မြန်မာနိုင်ငံမှာ ဒုနဲ့ဒေးပင်။ မသဲစုကဲ့သို့ အကြွေးနွံထဲ ဘဝကိုအဆုံးသတ်ရန်အထိ ကြံစည်နေသူ၊ ကျပ်သိန်း ၁၇,၀၀၀ ခန့်အကြွေးတင်နေသူ၊ ခင်ပွန်းကဆုံးပြီး ကလေးသုံးယောက်ဖြင့် အကြွေးပတ်လည်ဝိုင်းနေသူ၊ အွန်လိုင်းလောင်းကစကားဂိမ်းဆော့မိရာမှ အမျိုးသား၏စွန့်ပစ်ခြင်းကိုခံခဲ့ရသူ စသဖြင့်လောင်းကစားဂိမ်းကြောင့်ဖြစ်နေသည့် ဇာတ်လမ်းများမှာ အစုံပင်ဖြစ်သည်။
ဂိမ်းဆော့ပြီးချမ်းသာသွားသည့် ဇာတ်လမ်းမျိုးတော့မပါ။ ဘဝပျက်နေရသည့် ဇာတ်လမ်းများသာဖြစ်သည်။ ယခုအချိန် မသဲစုတစ်ယောက် စိတ်ဆန္ဒပြင်းပြနေသည့် အရာတစ်ခုရှိသည်။ အွန်လိုင်းလောင်းကစားဂိမ်းများကိုဆန့်ကျင်ဖို့။ အချိန်ကြာမြင့်စွာတည်ဆောက်ခဲ့ရသည့် ဂုဏ်သိက္ခာနှင့်ရင်းပြီး မှားခဲ့ရသည့်အမှားတစ်ခုကို လူငယ်တွေမမှားစေချင်သည့် ဆန္ဒဖြစ်သည်။
ထို့ကြောင့် အွန်လိုင်းလောင်းကစားဂိမ်းနှင့်ပတ်သက်ပြီး ဆန့်ကျင်တွန်းလှန်ပညာပေးသည့်အလုပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ချင်သည်။ သို့သော်မည်သို့စလုပ်ရမည်ကိုမသိသေး။ လက်ရှိအချိန်မှာတော့ နွံထဲကရုန်းမထွက်နိုင်သေးသူများကို လက်လှမ်းမီသလောက်ဆွဲထုတ်ရန်သာ ကြိုးစားနေရသည်။ မသဲစုကိုယ်တိုင်ပင်လျှင် အချိန်သုံးနှစ်ခွဲကျော်ကာလအတွင်း ငါးအကောင်ရေမည်မျှဖမ်းမိခဲ့သည်ကို တိတိကျကျမသိ။
သို့သော် သူမသိလိုက်သည်မှာ ငွေနှင့်အတူဆုံးရှုံးခဲ့ရသည့်အရာများကိုပင်။ ထိုအရာများကိုလည်း ကြိုးစားပြီးပြန်လည်တည်ဆောက်နေရဆဲကာလဖြစ်လေသည်။
ထို့ကြောင့် သဲစု ငါးမဖမ်းတော့ပါ။
