စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်အတွင်း စစ်တပ်က ဂျိုင်ရိုကော်ပတာဖြင့် ဗုံးကြဲချခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၇ ရက်၊ ညနေ ၄ နာရီခန့်တွင် ဆားလင်းကြီးမြို့နယ် တောင်ခြမ်းရှိ ကျားတက်ရွာကို မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)မှ တက်လာသည့် ဂျိုင်ရိုကော်ပတာ ၃ စင်းဖြင့် ဗုံး ၃ လုံး ကြဲချခဲ့ခြင်းဖြစ်ပြီး ကျားတက်ရွာထိပ်ရှိ ကြံတိုင်းအောင်ဆီဆိုင်အနီး သစ်ပင်သို့ ဗုံး တစ်လုံးကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ဗုံးစ ထိမှန်သေဆုံးခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးရဲဘော်တစ်ဦးထံU သိရသည်။
“ဆီဆိုင်ကိုတော့ ထိခိုက်ပျက်စီးမှုက နည်းတယ်တဲ့။ဗုံးက အစအနက အခုသေတဲ့ အမျိုးသမီးရဲ့ ကျောကုန်းကိုမှန်တာ။ကျန်တဲ့သူတွေကကျတော့ ထိခိုက်ဒဏ်ရာရတာတဲ့”ဟု ၎င်းက MPA သို့ပြောသည်။
သေဆုံးသွားသည့် အမျိုးသမီး၏ ဈာပနကို ယနေ့(အောက်တိုဘာ၈ရက်)ညနေ၄နာရီခန့်က ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ဗုံးစထိမှန် ဒဏ်ရာရခဲ့သော အမျိုးသား ၂ ဦး၏ အခြေအနေ အသေးစိတ်ကို မသိရသေးပေ။
ဂျိုင်ရိုကော်ပတာမှ ကြဲချခဲ့သည့် ကျန်ဗုံး ၂ လုံးသည် ဆီဆိုင်ရှေ့နှင့် ဆိုင်အနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၇ ရက်၊ နံနက် ၁၀ ဝန်းကျင်တွင် ကျားတက်ရွာသို့ တိုက်လေယာဉ်ဖြင့် ဗုံး ၃ လုံးချခဲ့ရာ ၂ လုံးမပေါက်ကွဲဘဲ တစ်လုံးသာ ကတ္တရာလမ်းဘေး ယာပြင်အနီး ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိပေ။
