ကနီမြို့‌ပေါ် ကင်းလှည့်လာသည့် စစ်အုပ်စုကို PDF စောင့်တိုက်၊ ၇ ဦးသေပြီး သေနတ် ၂ လက်ရ

ဓာတ်ပုံ - KLG PDF - ကျောက်လုံးကြီး
ပုံစာ - တိုက်ပွဲဝင် KLG PDF ရဲဘော်များ

စစ်ကိုင်းတိုင်း ၊ ကနီမြို့ပေါ်တွင် ကင်းလှည့်လာသည့် စစ်အုပ်စုကို PDF တို့ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၇ ဦးသေဆုံးကြောင်း သိရသည်။

ယနေ့ (အောက်တိုဘာ ၈ ရက်) မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ခန့်တွင် ကနီမြို့ပေါ်ရှိ မြို့စောင့်တပ်မှ ကင်းလှည့်ထွက်လာသည့် စစ်သားနှင့်ရဲ ပူးပေါင်းအင်အား ၂၀ ခန့်ကို ကနီမြို့၊ ရပ်ကွက် ၃ အနီး၌ ယင်းမာပင်ခရိုင် (9+အဖွဲ့ဝင်) ဗျူဟာ ၄၅ KLG PDF မှ တပ်စိတ် တစ်စိတ်က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ခန့်ဖြစ်ပွားပြီး စစ်အုပ်စုဝင် ၇ ဦး မျက်မြင် သေဆုံးခဲ့ကြောင်း KLG PDF – ကျောက်လုံးကြီးက သတင်းထုတ်ပြန်သည်။

“မျက်မြင်တွေ့ခဲ့တာပေါ့နော်။ကျ‌နော်တို့ တိုက်ပွဲဖြစ်နေစဥ်မှာပဲ ကနီမြို့ထဲကနေပြီးတော့ တပ်ကူတွေရောက်လာလို့ ခွေး ၇ကောင်သေတာတောင်မှ ဂန်းလေး ၂ လက်ပဲကောက်နိုင်ပြီး ကျနော်တို့ ရဲဘော်တွေ နောက်ဆုတ်ခဲ့ရတယ်ဗျ။သူတို့အလောင်းတွေကို ကနီမြို့တွင်းပဲ ပြန်သယ်သွားတာဗျ”ဟု KLG PDF – ကျောက်လုံးကြီးမှ ပြန်ကြားရေး တာဝန်ခံ ကို AT က MPA သို့ပြောသည်။

ယင်းတိုက်ခိုက်မှုမှ MA1 သေနတ် တစ်လက် ၊ MA11 သေနတ် တစ်လက် ၊ ကျည်ဘောက် နှစ်ခုနှင့် ကျည်အချို့ သိမ်းဆည်းရမိခဲ့ပြီး PDFရဲဘော်များ အထိအခိုက်မရှိကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေးရဲဘော်များ ပြန်လည် ဆုတ်ခွာနိုင်သည့် လမ်း‌ကြောင်းများကို ကနီမြို့စောင့်တပ်က ၆၀ မမ လက်နက်ကြီးများဖြင့်ရမ်းသန်း ပစ်ခတ်ခဲ့ကာ ဒရုန်းများအသုံးပြု၍ မြို့အနှံ့ကင်းထောက်ခဲ့ကြောင်းသိရသည်။

ကနီမြို့တွင် စစ်သား ၊ ရဲနှင့် ပျူ ပူးပေါင်းအင်အား ၁၅၀ ကျော်ရှိကြောင်း သိရသည်။