မင်းအောင်လှိုင်ခန့် မွန်ဝန်ကြီးချုပ်၏ အလိမ်အညာစကားကို ယုံစားကာ စစ်မှုထမ်းလိုက်သွားသော ချောင်းဆုံမြို့သားများအားလုံး စာမလာသတင်းမကြားဖြင့် သေဆုံးကုန်ပြီဟု ယူဆရကြောင်း ချောင်း ဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးကဆိုသည်။
စစ်မှုထမ်းသင်တန်းဆင်းပါက မိမိတို့ရပ်ရွာ၌သာ တာဝန်ပြန်ချပေးမည်ဟု မွန်ပြည်နယ်ဝန်ကြီး ချုပ် အောင်ကြည်သိန်းက ပြောသည့် စကားကို ယုံကာ စစ်မှုထမ်းအပတ်စဉ်၁ နှင့် ၂ တို့တွင် စစ်မှု ထမ်းထဲ လိုက်သွားသည့် ချောင်းဆုံသား ၁၅ယောက်ကျော်ရှိပြီး ၎င်းတို့အားလုံးနှင့် မိသားစုဝင်တို့ အဆက်အသွယ်မရသည်မှာ ကြာပြီဖြစ်ကြောင်း သိရသည်။
“စစ်မှုထမ်းအပတ်စဉ် ၁ နဲ့ ၂တုန်းက စစ်မှုထမ်းလိုက်ဖို့ လူဌားခက သိန်း၃၀ အများဆုံးပဲ။အဲမှာ သင် တန်းပြီးရင် ကိုယ့်ရပ်ကိုယ့်ရွာမှာ ပြန်တာဝန်ကျမယ်ဆိုတာနဲ့ လူဌားခ ပိုက်ဆံကိုလည်း မက်ပြီး လိုက် သွားကြတာ။သင်တန်းဆင်းပြီးတော့သူတို့တာဝန်ကျတဲ့နေရာကနေ ဖုန်းတွေဘာတွေ တစ်ခေါက်၊နှစ် ခေါက် အိမ်ကို လှမ်းဆက်ပြီးကတည်းက လုံးဝပျောက်သွားတာဆိုတော့ သေပြီပေါ့။အဲလိုပဲ အားလုံး ကယုံကြတယ်”ဟု ၎င်းက MPAသို့ပြောသည်။
ချောင်းဆုံမြို့သား စစ်မှုထမ်းတပ်သားများသည် သင်တန်းဆင်းသည်နှင့် ရခိုင်၊ထားဝယ်၊စစ်ကိုင်းနှင့် ကရင်နီဒေသတို့သို့ ပို့ဆောင်ခြင်းခံရကြောင်း သိရသည်။
“အပတ်စဉ်၁ နဲ့ ၂ တုန်းကပဲ လိုက်ကြတယ်။သင်တန်းဆင်းတာနဲ့ အသေတိုက်ရမယ့်နေရာတွေချည်း ပို့မှန်းသိလို့ ချောင်းဆုံသားတွေ ဘယ်သူမှ ထပ်မလိုက်တော့ဘူး။အခုထိ ဒေသခံတွေက စစ်မှုထမ်း ကြေးထည့်ပြီး ပွဲစားတွေဆီကနေ လူဌားရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်တပ်သည် တိုက်ပွဲများအတွင်း သေဆုံး သွားသည့်စစ်သားများအကြောင်းကို ၎င်းတို့၏ မိသားစုဝင်များထံသို့ မည်သည့်နေရာ၌ မည်သို့သေဆုံးသွား ကြောင်း အကြောင်းကြားသည်ဟု မကြားမိကြောင်း ပြည်နယ် အဆင့်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“သေတာကို မိသားစုဆီ အကြောင်းမကြားတာက ၂ချက်ရှိတယ်။နံပါတ်တစ်က သေရင်လျော်ကြေး ပေးရတယ်လေ။လျော်ကြေးမပေးချင်လို့ အကြောင်းမကြားတာ။နံပါတ်၂က အဖက်လုပ်အကြောင်း ကြားစရာ မလိုဘူးလို့ ခံယူထားပုံလည်း ရတယ်”ဟု ၎င်းက ပြောသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများမှာ တစ်အိမ်ထောင်လျှင် လစဉ် စစ်မှုထမ်းကြေးအဖြစ် ရွာ ကြီးဆိုပါက ၂သောင်းနှင့် ရွာငယ်ပါက ၃သောင်း ပေးရပြီး လက်ရှိ စစ်မှုထမ်းဌားရမ်းခ ပေါက်ဈေး မှာ ကျပ်၅၅သိန်း ဖြစ်သည်။
