ပေါ်တူဂီဘောလုံးသမားရော်နယ်ဒို ဘောလုံးလောက၏ ပထမဆုံး ဘီလီယံနာဖြစ်လာ

ပေါ်တူဂီဘောလုံးအကျော်အမော် ခရစ္စတီယာနို ရော်နယ်ဒို သည် ၎င်း၏ ပိုင်ဆိုင်မှု စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ ခန့်ရှိကြောင်း နောက်ဆုံးထုတ် Bloomberg Billionaires Index တွင် ဖော်ပြချက်အရ ဘီလီယံနာအဆင့် သို့ ရောက်ရှိသွားသည့် ပထမဆုံးဘောလုံးသမား ဖြစ်လာကြောင်း သိရသည်။

ဆော်ဒီကလပ် အယ်လ်-နက်စရ် (Al-Nassr) အသင်းနှင့် ဇွန်လတွင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် တန်ဖိုးရှိသည်ဟု သတင်းရရှိသော စာချုပ်အသစ်ကို လက်မှတ်ရေးထိုးပြီးနောက် ယခုကဲ့သို့ ငွေကြေးအခြေအနေ ရောက်ရှိလာခြင်း ဖြစ်သည်။

အသက် ၄၀ နှစ်အရွယ် တိုက်စစ်ကစားသမား ရော်နယ်ဒိုသည် ၂၀၀၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း လစာငွေ အမေရိကန်ဒေါ်လာ သန်း ၅၅၀ ကျော် ရရှိခဲ့သည့်အပြင် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၈ သန်း နီးပါး တန်ဖိုးရှိသည့် ၁၀ နှစ်ကြာ Nike စာချုပ် နှင့် Armani၊ Castrol အပါအဝင် အခြားသော အကျိုးအမြတ်များသည့် ကြော်ငြာစာချုပ်များမှ ၎င်း၏ကြွယ်ဝမှုထဲသို့ အမေရိကန်ဒေါ်လာ ၁၇၅ သန်းကျော် ထပ်မံရရှိခဲ့ကြောင်း Bloomberg က ဖော်ပြခဲ့သည်။

ရော်နယ်ဒိုသည် ၂၀၂၃ ခုနှစ်တွင် မန်ချက်စတာယူနိုက်တက်မှ အယ်လ်-နက်စရ်အသင်းသို့ ပြောင်းရွှေ့ခဲ့ရာတွင် တစ်နှစ်လျှင် ပေါင် ၁၇၇ သန်း (အမေရိကန်ဒေါ်လာ ၂၃၇.၅၂ သန်း) လစာအပြင် အပိုဆုကြေးများနှင့် ဆော်ဒီအာရေဗျကလပ်အသင်း၏ ၁၅ ရာခိုင်နှုန်းခန့် ရှယ်ယာပါ ရရှိခြင်းကြောင့် ဘောလုံးသမိုင်းတစ်လျှောက်တွင် အမြင့်ဆုံးလစာရရှိသူ ကစားသမား ဖြစ်ခဲ့ပြီးဖြစ်သည်။

အာဂျင်တီးနားနှင့် အင်တာမိုင်ယာမီ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ သည် ၎င်း၏ ကစားသမားဘဝတစ်လျှောက်တွင် အခွန်မဆောင်မီ လစာငွေ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရရှိခဲ့သည်။

ရော်နယ်ဒို၏ ဘီလီယံနာအဆင့်သည် ဘတ်စကက်ဘောအကျော်အမော်များဖြစ်သည့် မိုက်ကယ် ဂျော်ဒန် ၊ မက်ဂျစ် ဂျွန်ဆင် နှင့် လေဘရွန် ဂျိမ်းစ်၊ ဂေါက်သီးသမား တိုင်းဂါး ဝုဒ် နှင့် တင်းနစ်ကစားသမား ရော်ဂျာ ဖက်ဒါရာအပါအဝင် ရှားပါးသည့် ဘီလီယံနာအားကစားသမားများတွင် ပါဝင်လာခဲ့သည်။

ရော်နယ်ဒိုက အနားယူရန် မစဉ်းစားသေးကြောင်း မကြာမီ အရိပ်အမြွက် ပြောကြားခဲ့သည်။

“ဒီကစားနည်းအပေါ်မှာ ကျွန်တော့်မှာ စိတ်အားထက်သန်မှု ရှိနေတုန်းပါပဲ” ဟု အောက်တိုဘာလ ၇ ရက် တွင် ကျင်းပခဲ့သည့် ပေါ်တူဂီဘောလုံးပွဲ ဂါလာအခမ်းအနား၌ ၎င်းက ပြောသည်။

“ကျွန်တော့်မိသားစုက အနားယူဖို့ အချိန်တန်ပြီလို့ ပြောကြတယ်။ ဂိုးပေါင်း ၉၀၀ ကျော် သွင်းပြီးပြီဆိုရင် ဂိုး ၁၀၀၀ ဘာလို့ သွင်းချင်သေးလဲလို့ မေးကြတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာ အဲဒီလို မတွေးမိပါဘူး။”

“ကျွန်တော် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနေတုန်းပါပဲ၊ ကျွန်တော့်ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းကို ကူညီပေးနေတယ်။ ဘာကြောင့် ဆက်မကစားဘဲ နေရမှာလဲ။ ကျွန်တော် အနားယူတဲ့အခါ ကျွန်တော့်ကိုယ်ကျွန်တော် အစွမ်းကုန် ပေးဆပ်ခဲ့တဲ့အတွက် ပြည့်ပြည့်ဝဝ ကျေနပ်စွာနဲ့ ထွက်ခွာနိုင်မယ် ဆိုတာ သေချာပါတယ်။ ကျွန်တော့်မှာ ကစားဖို့ နှစ်တွေ အများကြီး မကျန်တော့ဘူးဆိုတာ သိပေမဲ့ ကျန်ရှိနေတဲ့ အနည်းငယ်သော နှစ်တွေကိုတော့ အပြည့်အဝ ပျော်ရွှင်စွာ ဖြတ်သန်း သွားရမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။