မင်းတပ်စာသင်ကျောင်းကို စစ်တပ်ဗုံးကြဲ၊ မသန်စွမ်းအမျိုးသမီးတစ်ဦးနှင့် စစ်ရှောင်ကျောင်းသား ၃ ဦး သေဆုံး

ဓာတ်ပုံ - CDF Mindat
ပုံစာ - အောက်တိုဘာ ၄ ရက်တွင် စစ်တပ်ဗုံးကြဲမှုကြောင့် ပျက်စီးခဲ့သည့် မင်းတပ်မြို့မှ နေအိမ်များ။ (ပုံဟောင်း)

ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်အတွင်းရှိ စာသင်ကျောင်းကို စစ်တပ်က အကြမ်းဖက် ဗုံးကြဲချခဲ့ရာ မသန်စွမ်း အမျိုးသမီးတစ်ဦးနှင့်‌ စစ်ရှောင် ကျောင်းသား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၈ ရက်၊ ညနေ ၇ နာရီဝန်းကျင်တွင် မင်းတပ်မြို့နယ်ရှိ ဝမ္မသူးနှင့်ထင်ချောင်းရွာရှိ စာသင်ကျောင်း ၂ ကျောင်းကို ဂျက်ဖိုက်တာ ၂ စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထင်ချောင်းကျေးရွာ စာသင်ကျောင်း အနီး ဗုံးကျရောက်ပေါက်ကွဲပြီး စစ်ရှောင် မသန်စွမ်း အမျိုးသမီးတစ်ဦးနှင့် ကျောင်းသား ၃ ဦးတို့ သေဆုံးခဲ့ကာ စာသင်ကျောင်းလည်း ပျက်စီးသွားကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

“ထင်ချောင်းစာသင်ကျောင်းကကျတော့ အမှန်တော့ သူက စစ်ဘေးရှောင်တွေ စုပေါင်းနေကြတဲ့နေရာ။ စစ်ဘေးရှောင်တွေ စုပေါင်းနေရင်းနဲ့မှ စစ်ဘေးရှောင် ကလေးတွေကို စာသင်ပေးဖို့ နေရာလုပ်ရင်းနဲ့ စာသင်ကျောင်း ဖြစ်လာတာပေါ့။စစ်ဘေးရှောင်တွေနေခဲ့တဲ့ နေရာကို ဘော်ဒါလို ကျောင်းအိပ် ကျောင်းစားလို လုပ်လိုက်ပြီးတော့မှ အဲ့ဒီ့မှာပဲ စာသင်ကြတယ်ပေါ့။အဲ့လိုမျိုးဖြစ်သွားတဲ့အတွက်ကြောင့် ကျောင်းသူ၊ ကျောင်းသားတွေ ပိုစုစုစည်းစည်းနေတာများတဲ့ ပုံစံဖြစ်သွားတာပေါ့။ အဲ့ဒါကြောင့်ပါ ဒဏ်ရာရတဲ့သူများသွားတာ”ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ထင်ချောင်းရွာတွင် ဒဏ်ရာရသူ ၂၂ ဦးရှိပြီး ဆေးကုသမှုများ ပေးလျက်ရှိကာ အလွန်ပြင်းထန်သည့် ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

ယင်းသို့ ဗုံးကြဲမှုကြောင့် ဝမ္မသူးရွာတွင် ဒဏ်ရာရသူ မရှိခဲ့‌ဘဲ စာသင်ကျောင်းပျက်စီးသွားကြောင်း သိရသည်။

မင်းတပ်မြို့ကို CDF မင်းတပ်နှင့် မဟာမိတ်ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာတွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၄ ရက်၊ နံနက် ၁ နာရီ ၂၃ မိနစ်ခန့်တွင်လည်း မင်းတပ်မြို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား၂ ဦးနှင့် အမျိုးသမီး တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး လူနေအိမ် ၃ လုံးပျက်စီးခဲ့သေးသည်။