မြန်မာနိုင်ငံတွင် ကျင်းပတော့မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အာဏာသိမ်း စစ်ကော်မရှင်နှင့် ဆွေးနွေးရန်အတွက် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် သည် ယနေ့ (အောက်တိုဘာ ၉ရက်)တွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း မလေးရှားအစိုးရက ထုတ်ပြန်ခဲ့သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် ရပ်တန့်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရှိန်အဟုန်မြှင့်တင်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိုဟာမက် ဟာဆန်သည် အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် မလေးရှားနိုင်ငံ ကိုယ်စား နေပြည်တော် မြို့တော်သို့ တစ်ရက်တာ ခရီးစဉ် သွားရောက်မည်ဖြစ်ပြီး စစ်ကော်မရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံမည်ဖြစ်သည်။
စစ်အာဏာသိမ်းပြီး တစ်နှစ်အကြာတွင် မြန်မာအာဏာသိမ်းခေါင်းဆောင်များက သဘောတူခဲ့သော အာဆီယံ၏ ငြိမ်းချမ်းရေး ၅-ချက်ပါ အစီအစဉ် မှ ကတိကဝတ်များကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းကြောင့်မြန်မာစစ်ခေါင်းဆောင်များသည် ၂၀၂၂ ခုနှစ်ကတည်းက အာဆီယံအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ခံထားရသည်။
စစ်တပ်နှင့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအကြား ပြည်တွင်းစစ် ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ ၂၈ ရက် တွင် စတင်မည့် အထွေထွေရွေးကောက်ပွဲ၏ ပထမအကြိမ် မဲပေးခြင်း အစီအစဉ်ကို ပြုလုပ်မည်ဖြစ်ရာ၊ ယင်းရွေးကောက်ပွဲကို စစ်ကောင်စီ၏ ဝေဖန်သူများက ဗိုလ်ချုပ်များအနေဖြင့် ၎င်းတို့၏ ကိုယ်စားလှယ်များမှတစ်ဆင့် အာဏာ ဆက်လက်ချုပ်ကိုင်ထားရန် ဖန်တီးသည့် အယောင်ပြ ရွေးကောက်ပွဲ အဖြစ် ရှုမြင်ကြသည်။
မိုဟာမက် ဟာဆန်သည် ဇူလိုင်လကတည်းက အာဆီယံအနေဖြင့် ရွေးကောက်ပွဲကို ဦးစားပေးအဖြစ် မသတ်မှတ်ကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအား ၎င်း၏ ငြိမ်းချမ်းရေး ကတိကဝတ်များကို လိုက်နာရန် တောင်းဆိုခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနက မိုဟာမက် ဟာဆန်သည် စစ်ကောင်စီအား ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် “အထူးသဖြင့် တိုက်ခိုက်မှုများ ရပ်စဲရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ မတားဆီးဘဲ ခွင့်ပြုရေးနှင့် မြန်မာ့အရေး သက်ဆိုင်သူများအားလုံး ပါဝင်သော ဆွေးနွေးမှုများ ပြုလုပ်ရေး” တို့အတွက် တောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မိုဟာမက် ဟာဆန်က ၎င်း၏ သီးခြား Facebook စာမျက်နှာတွင် မကြာသေးမီက အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုများသည် ငြိမ်းချမ်းရေးအစီအစဉ် ကြိုးပမ်းမှုများကို ထိခိုက်စေကြောင်း အောက်တိုဘာ ၉ ရက်က ရေးသားခဲ့သည်။
