ကျွန်ုပ်တို့ ညီညွတ်လျှင် မြန်မာစစ်ရာဇဝတ်ဂိုဏ်းကို ဖျက်သိမ်းနိုင်သည်ဟု Justice For Myanmar က လှုံ့ဆော်လိုက်သည်။
မြန်မာနှင့် ကမ္ဘာ့ပြည်သူအပေါင်း၏ စုပေါင်းလုပ်ဆောင်မှု ရလဒ်အဖြစ် နိုင်ငံစုံကော်ပိုရေးရှင်းများသည် စစ်တပ်ဆက်နွှယ် စီးပွားရေးလုပ်ငန်းများမှ ဒေါ်လာသန်းရာချီသော ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ရုပ်သိမ်းခဲ့သလို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုများကလည်း စစ်အုပ်စု၏ ကမ္ဘာလုံးဆိုင်ရာ အသက်သွေးကြောများကို ဖြတ်တောက်ပေးနေပြီဖြစ်ကြောင်းလည်း ဆိုသည်။
“မြန်မာစစ်အုပ်စုဟာ ပြည်သူလူထုကို အကြမ်းဖက်စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ဖို့ ဘဏ္ဍာငွေ၊ လက်နက်နဲ့ လေယာဥ်လောင်စာဆီ ရရှိနေမှုတွေကနေ အသက်ဆက်နေရတာ ဖြစ်ပါတယ်။
အဲဒီအရင်းအမြစ်တွေကို ဖြတ်တောက်ခြင်းကပဲ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အဆုံးသတ်စေမှာပါ”ဟု JFM က ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာအရေးယူဆောင်ရွက်မှု၊ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုနှင့် သပိတ်မှောက်မှုများက မြန်မာပြည်သူတို့၏ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးရုန်းကန်ကြိုးပမ်းမှုများကို အထောက်အပံ့ဖြစ်စေရန်နှင့် ဟန်ချက်ညီစေရန်အတွက် မရှိမဖြစ် လိုအပ်ကြောင်းလည်း Justice For Myanmar ကဆိုသည်။
“နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ တောက်လျှောက်ရှိသလို စစ်တပ်ကလည်း အကြမ်းဖက်မှု တွေကို တောက်လျှောက်ဆိုသလို လုပ်ဆောင်နေဆဲပဲဆိုတော့ ပိတ်ဆို့မှုတွေက ထိရောက် မှုရှိရဲ့လား၊ဟန်ချက်ညီ ပိတ်ဆို့မှုရော ဖြစ်ရဲ့လားဆိုတာ ပြန်သုံးသပ်တဲ့ ကျွမ်းကျင်သူတွေပါဝင်တဲ့ ဆွေးနွေးပွဲတစ်ရပ် ကျင်းပနိုင်ဖို့လိုတယ်။အဲဒီဆွေးနွေးပွဲကနေ နောက်ထပ် ဘာတွေ ထပ်ပိတ်ဆို့ကြ မလဲဆိုတာ ဖော်ထုတ်ဖို့လည်း လိုပါမယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ ပြောသည်။
စစ်တပ်သည် နိုင်ငံတကာစီးပွားရေးကွန်ရက်များ၊ သဘာဝသယံဇာတ အရင်းအမြစ်များကို တရားမဝင်ကုန်သွယ်မှုများနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများမှတစ်ဆင့် ဝင်ငွေရရှိနေသည့် ရာဇဝတ်ဂိုဏ်းတစ်ခုသဖွယ် လုပ်ဆောင်နေပြီး ကော်ပိုရေးရှင်းလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများသည် အမြတ်အစွန်းရရှိရန်အလို့ငှာ စစ်အုပ်စု၏ ရာဇ၀တ်မှုများကို လောင်စာမီးထိုးကာ အားပေးထောက်ကူနေကြသည်ဟုဆိုသည်။
မြန်မာစစ်တပ်နှင့် စီးပွားရေးချိတ်ဆက်ပတ်သက်နေသည့် စီးပွားရေးလုပ်ငန်းများကို ဖော်ထုတ်ရန်၊ ကုမ္ပဏီများအပေါ် ဖိအားပေးခြင်းဖြင့် စစ်တပ်ထံ ဘဏ္ဍာငွေစီးဆင်းနေမှုအား ဖြတ်တောက်ရန်၊ အစိုးရများကို ဒဏ်ခတ်အရေးယူမှုများ ချမှတ်အကောင်အထည်ဖော်ဖို့ ဖိအားပေးရန်နှင့် စစ်အုပ်စုကို ရန်ပုံငွေများ၊ လက်နက်များ၊ လေယာဥ်လောင်စာဆီနှင့် အခြားပံ့ပိုးမှုအလုံးစုံကို ဖြတ်တောက်ရန် Justice For Myanmar ကတောင်းဆိုထားသည်။
