ဘုံတိုရွာ ဗုံးကြဲသတ်ဖြတ်မှု ကျူးလွန်သူများ၏ အချက်အလက်များ ပေးပို့ကြရန် မုံရွာပလဖ တောင်းခံ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ ဆီမီးသပိတ် ဗုံးကြဲခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို အပြစ်ပေးအရေးယူနိုင်ရေးအတွက် အချက်အလက်များပေးပို့ကြရန် မုံရွာမြို့နယ်ပလဖက သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၆ရက်၊ သီတင်းကျွတ်လပြည့်ညတွင် ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ၌ ပြုလုပ်သည့် ဆီမီးသပိတ်ကို မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာသည့် ပါရာမော်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တရားခံ ပါရာမော်တာမောင်းသူ နှင့် ဆက်စပ်သည့် သတင်းအချက်အ လက်များနှင့် အလိုတူအလိုပါ ပူပေါင်းပါဝင်သူများ၏ အချက်အလက်များ ပေးပို့ကြရန် မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) ကသတင်းထုတ်ပြန်သည်။

” ကျနော်တို့ အဆင့်ဆင့်သော လုပ်ဆောင်မှုတွေနဲ့ လုပ်ဆောင်သွားမယ်ပေါ့နော်။ အစုလိုက်အပြုံလိုက် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအပေါ်မှာ ကျနော်တို့က ဒါတွေကို ပြည်သူတွေ သိအောင်အရင်ချပြမယ်။ ချပြပြီးတဲ့နောက်မှာ ကျနော်တို့ကိုယ်တိုင်ဖမ်းဆီးဖို့အတွက် အရေးယူဖို့အတွက် ကျနော်တို့ကိုယ်တိုင် လျှို့ဝှက်တဲ့နည်းတွေနဲ့ ဆောင်ရွက်မယ်ပေါ့” ဟု မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) တာဝန်ခံ ကိုအာကူးက MPA သို့ပြောသည်။

ယင်းဖြစ်စဉ်တွင် ပါဝင်သူများအား ဖမ်းဆီးမိပါက မည်ကဲ့သို့ အရေးယူမလဲဆိုသည်ကို တိုင်ပင်ဆွေးနွေးနေဆဲဖြစ်ကြောင်း ၎င်းကပြောသည်။

” ကျနော်တို့ လုပ်မှာတစ်ခုတော့ ရှိတယ်။ အဲ့ဒါက ကျနော်တို့ မိလျှင်မိချင်းပဲ ဒီကောင်တွေသည် ဒီကိစ္စမှာ ဖြစ်စဉ်မှာ ပါဝင်တဲ့၊ ကိုယ်တိုင်ကြဲခဲ့တယ်၊ကိုယ်တိုင်ကြဲချခဲ့တဲ့ဟာနဲ့ တရားခံပဲဆိုတာ ပြည်သူကိုတော့ အသိပေးမယ်။ အသိမပေးဘဲ ကျနော်တို့ဘာမှမလုပ်ဘူး။ မည်ကဲ့သို့သော အရေးယူမှုမျိုးကိုပဲ ကျနော်တို့ ပြုလုပ်သည်ဖြစ်ပါစေ ကျနော်တို့ ကနဦးအနေနဲ့ မိရင် သူတို့ရဲ့ ဝန်ခံဖြောင့်ချက်တွေကို ပြည်သူကို အရင်ချပြမှာ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းဖြစ်စဉ်၌ တာဝန်ရှိသူများ၏ အချက်အလက်များရရှိနိုင်ရေးနှင့် အပြစ်ပေးအရေးယူနိုင် ရန်အတွက် မြို့နယ်အသီးသီးနှင့် ချိတ်ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးပြည်သူ ၂၂ဦးနှင့် ဒဏ်ရာရသူ၅၅ဦး ရှိပြီဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။