ကပစ ၁၄ နှင့် ကပစ ၆ အနီးဝန်းကျင်ထိ AA ပူးပေါင်းတပ်များ ရောက်ရှိလာ

ဓာတ်ပုံ-AA
ပုံစာ- အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဥ်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ စစ်ကော်မရှင်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၁၄) နှင့် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ – ၆)အနီးသို့ အာရက္ခတပ်တော်(AA) နှင့် ပူးပေါင်းတပ်များ ရောက်ရှိလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

AAပူးပေါင်းတပ်များသည် မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ စစ်ကော်မရှင် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၁၄) ကိုသိမ်းပိုက်နိုင်ရန် ၂၀၂၅ ခုနှစ်၊ ဇွန်လလယ်မှ စတင်ကာထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါ စက်ရုံသို့ ရောက်ရှိနိုင်ရန် တစ်မိုင်ခန့်သာ ကွာဝေးတော့ကြောင်း သိရသည်။

“ကပစ ၁၄ နားတဝိုက်မှာလည်း ရွာတွေ ရှိသေးတယ်။ အခုက ကပစနဲ့က တစ်မိုင်ဝန်းကျင် အကွာအဝေးရှိတယ်။ ဇင်ပြွန်း၊ ဂုတ်ဝ၊ ပျင်းဝ၊ မကျီးကုန်းရွာတွေနားရောက်နေပြီ၊ ကပစကို သိမ်းနိုင်ရင်လည်း အဲ့ဒီ့ ကပစထဲမှာက ဘာမှကျန်တော့မှာ မဟုတ်ဘူး။ တပ်မ ၉၉ လည်း ကုန်သွားပြီ။ စကခ ၁၇ အောက်က တပ်ရင်းတွေလည်း ထွက်ပြေးနေကြတယ်၊ သေတာတွေလည်း ရှိတယ်။ လေကြောင်းကနေ ဗုံးကြဲတာကလည်း နေ့ရော၊ ညရောပဲ” ဟု စစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။

ထိုကဲ့သို့ AA ပူးပေါင်းတပ်များ ထိုးစစ်ဆင်နေမှုကြောင့် စစ်ကော်မရှင်သည် ကပစ ၁၄ နှင့် ထိစပ်လျက်ရှိနေသည့် ရခိုင်ရိုးမပေါ်ရှိ ကျေးရွာများကို လေကြောင်းအသုံးပြုပြီး ရည်ရွယ်ချက်ရှိရှိ နေ့စဥ် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

“ကပစ ၁၄ က မြေပြန့်မှာ ရှိနေတာ၊ ဗုံးကြဲလို့ တောင်ပေါ်က ရွာတွေလည်း ကုန်ပြီ။ စလင်း၊ ငဖဲနဲ့ လောလောဆယ် စေတုတ္တရာ ဘက်မှာ တိုက်ပွဲတွေ ဖြစ်လည်းဖြစ်နေကြတယ်။ စစ်ရှောင်လည်းရှိနေပါတယ်” ဟု စစ်ရှောင်အရေးကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့ပြင် အာရက္ခတပ်တော်(AA) က ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်းကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိနေပြီး စစ်ကော်မရှင်တပ်ဘက်မှလည်း လေကြောင်း၊ ဒရုန်းများအသုံးပြု၍ အပြင်းအထန်ခုခံကာကွယ်လျက်ရှိနေကြောင်း သိရသည်။

“စစ်တပ်ရဲ့ ထောက်ပို့ရွာကြီးဖြစ်တဲ့ ဂုတ်ကြီးကို AA က သိမ်းပြီးတော့ နတ်ရေကန်ဗျူဟာကို ထိုးစစ်ဆင်နေပါတယ်။ နတ်ရေကန်ဗျူဟာ က ငဖဲ – ဂုတ်ကြီးလမ်းရဲ့ အဆုံး၊ အမ်း – ပဒါန်းလမ်းမပေါ်မှာ ရှိတာ။ နတ်ရေကန်ဘဲ ကျန်တော့တာ။ နေ့တိုင်းနီးပါး တိုက်ပွဲရှိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ – ၆)နှင့် ခုနှစ်မိုင်ခန့်အကွာသို့ အာရက္ခတပ်တော်(AA) နှင့် ပူးပေါင်းတပ်ဖွဲ့များ ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဆင်လန်ရွာမှာ လက်နက်ကြီးအထိုင်ချထားတာရှိတယ်။ တိုက်ပွဲက ဆင်လန်တဝိုက်မှာ ဖြစ်နေတာ။ AA ဘက်ကလည်း ရှေ့ကို တိုးလာတယ်။ ကပစ ၆ နဲ့က မိုင်အားဖြင့် ခုနှစ်မိုင်ဝန်းကျင်ဘဲ ရှိတယ်။ စစ်ကော်မရှင်ဘက်ကလည်း အင်အားတွေဖြည့်တယ်။ Y – 12၊ ပါရာမော်တာ၊ ဒရုန်းတွေနဲ့ ခုခံတယ်” ဟု စစ်ရေးအခြေအနေသိရှိသူ ပန်းတောင်းမြို့ဒေသခံတစ်ဦးက ဆိုသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှတဆင့် ပဲခူးတိုင်းအတွင်းသို့ ဝင်ရောက်လာပါက ကပစ ၆ မှာ ပထမဆုံးတွေ့ရှိရသည့် စက်ရုံတစ်ခုဖြစ်ပြီး၊ အဆိုပါ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၆)ကို အာရက္ခတပ်တော်(AA) က သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်လျက်ရှိနေသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်နှင့် တောင်ကုတ် – ပန်းတောင်းလမ်းပိုင်းပေါ်ရှိ တောင်ပုံကြီး၊ မိုးထိတောင်၊ ညောင်ကျိုး၊ ပုဂံကွဲနှင့် နတ်တောင်ကုန်းစခန်းများကို စစ်ကော်မရှင်က လက်လွှတ်ခဲ့ရပြီးနောက် ပဲခူးတိုင်းအတွင်းးရှိ ကပစများတွင် အင်အားဖြည့်တင်းကာ ခံစစ်ပြင်ဆင်နေခြင်း ဖြစ်သည်။

လက်ရှိ ထိုးစစ်ဆင်လျက်ရှိနေသည့် မကွေးတိုင်းနှင့် ပဲခူးတိုင်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များနှင့် ပက်သက်၍ စစ်ရေးအခြေအနေများကို အာရက္ခတပ်တော်(AA) က ထုတ်ပြန်လေ့မရှိသည့်အတွက် စစ်သုံ့ပန်းဖမ်းဆီးရမှု၊ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအခြေအနေများကို အသေးစိတ်မသိရှိရပေ။

အာရက္ခတပ်တော်(AA) အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ ခု အနက် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပြီးနောက် ရခိုင်ရိုးမအခြေရှိ မကွေးတိုင်းအတွင်းမှ ကပစ ၁၄၊ ပဲခူးတိုင်းအတွင်းမှ ကပစ ၆ နှင့် ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်မြို့နယ်မှ အမြောက်တပ်ကိုလည်း ဆက်လက်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်လျက်ရှိနေသည်။