အုတ်ဖိုတွင် စစ်ကြောင်းထိုးနေသည့်တပ် ပြည်သူ ၁၄ ဦးကို ဖမ်းဆီးထား

ဓာတ်ပုံ - Google Map
ပုံစာ - အုတ်ဖိုမြို့နယ်၊သရက်တောရွာကို Google Map ၌ တွေ့ရစဉ်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်တပ်က ပြည်သူ ၁၄ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

အောက်တိုဘာ ၅ရက်မှစ၍ ယနေ့ ( အောက်တိုဘာ ၉ရက် ) အထိ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရွာစခန်းမှ အင်အား ၁၈၀ခန့်ဖြင့် ထွက်လာသော စစ်ကြောင်းသည် အုတ်ဖိုမြို့နယ်၊ ရေငံရွာနှင့် သရက်တောရွာမှ ပြည်သူ ၁၄ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း ဒေသခံသတင်းရင်းမြစ်ထံက သိရသည်။

” ၅ရက်နေ့က ရေငံရွာက ၈ယောက် အဖမ်းခံရပါတယ်။ ကျား၊မ မသိရပါဘူး။ သရက်တောရွာက အမျိုးသမီးတွေချည်းပဲ ၆ ယောက် အဖမ်းခံရပါတယ်။ ခုထိမလွတ်သေးပါဘူး။ စစ်ကြောင်းစဝင်ဝင် ချင်း ၅ရက်နေ့မှာပဲ ရွာသားတယောက်နဲ့တော်လှန်ရေးရဲဘော်နှစ်ယောက်အသတ်ခံရပါတယ်။ ရွေးကောက်ပွဲကြောင့် နယ်မြေရှင်းလင်းရေးလုပ်နေတာပါ ” ဟု ၎င်းက MPA ကို ပြောသည်။

ရေငံရွာတွင် ကင်းစောင့်နေသည့် PDF ရဲဘော်တစ်ဦးနှင့် ရဲမေတစ်ဦးအပါအဝင်၊ အုတ်ဖို့မြို့နယ်၊ ထွက်တိုးရွာမှ စစ်ရှောင်လာသည့် ဦးလှဦးလည်း စစ်ကြောင်းနှင့် တွေ့ကာ အသတ်ခံလိုက်ရကြောင်းသိရသည်။

” အမှန်ကသူတို့က ရွာမှာနေတာပါ။ စစ်ကြောင်းထိုးလာတော့ကင်းစောင်ရင်းအိပ်ပျော်တာ ခွေး(စစ်သား)သတ်ခံရတာပါ ” ဟု ၎င်းကဆက်လက်ပြောသည်။

ယင်းစစ်ကြောင်းသည် သရက်တောရွာ၌ ရှိနေပြီး ထွက်တိုး၊ ကြို့ကိုးပင်၊ ရေငံ၊ ဖလံပင်၊ ရွာသစ်၊ မအူတန်းကျေးရွာတို့ကို နယ်မြေရှင်းလင်းရေးပြုလုပ်ထားသည့်အတွက် ယင်းရွာများအပါအဝင် ကျေးရွာ ၁၀ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကြောင်းထွက်လာသည့် ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရွာနှင့် အုတ်ဖိုမြို့နယ်၊ သရက်တောရွာတို့သည် ၁၀မိုင်ခန့်သာဝေးသည်။