မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ်သစ်အတွက် ပေါ်တာဆွဲခံရသူ ၃၀ ကျော်ပြီဖြစ်ကြောင်းသိရသည်။
အောက်တိုဘာ တစ်ရက်မှ အောက်တိုဘာ ၉ရက်အထိ ဝမ်းတွင်းမြို့နယ်တွင် လူငယ် အယောက်၃၀ကျော်ကို စစ်မှုထမ်းအပတ်စဉ်၁၈အတွက် စစ်တပ်က ပေါ်တာဆွဲခြင်းဖြစ်ကြောင်း Voice of Wundwin အဖွဲ့ထံက သိရသည်။
” စစ်မှုထမ်းအပတ်စဉ်ဖွင့်ပြီးရင် သူတို့ခဏနားတယ်။ နောက်အပတ်စဉ်မဖွင့်ခင်ပြန်ဆွဲတာ။ ပုံမှန်ပဲ သူတို့အပတ်စဉ်လူပြည့်ဖို့ လိုက်ဆွဲထည့်တာမျိုး။ အဲ့ကြားထဲ အဲ့စစ်မှုထမ်းနဲ့ရောပြီး ငွေရပေါက်ကြီးပါဖြစ်နေတာလေ သူတို့(စစ်ကော်မရှင်)အတွက်က” ဟု Voice of Wundwin အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က MPAသို့ ပြောသည်။
အောက်တိုဘာ၉ရက်၊ည၈နာရီဝန်းကျင်တွင် ရေဆုံးရွာသား ၁၀ဦးခန့်၊ မွန်းလွဲ ၁နာရီခန့်တွင် အိုင်သာရွာသား ၃ဦးနှင့် နံနက်၉နာရီခန့်၌ ကျင်းရွာသားတစ်ဦးတို့ ပေါ်တာဆွဲခံခဲ့ရသည်။
” မနေ့ည(အောက်တိုဘာ၈ရက်)က ပြည်တော်သာရွာက ၂ယောက်အဆွဲခံရတယ်။ အကုန်အိမ် ထဲဝင်ဆွဲခံရတာ။ ပင်းတလဲကန်အောက်ကနှစ်ယောက်က ဘောလုံးကန်နေတာကိုဝင်ဆွဲခံရတာ “၎င်းက အောက်တိုဘာ ၉ရက်၊ ည ၈နာရီခွဲခန့်တွင် MPA သို့ပြောသည်။
ဝမ်းတွင်းမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ်သစ်အတွက် လစဉ် လကုန်ရက်နှင့် လဆန်းရက်များ၌ ပေါ်တာဆွဲလေ့ရှိပြီးအုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများနှင့် ပိုက်ဆံပေးနိုင်သူများအချို့သာ ပြန်လွတ်လာလေ့ရှိကြောင်းသိရသည်။
ပေါ်တာဆွဲခံရသူများကို မိတ္ထီလာသို့ပို့ပြီးနောက် ရှမ်းပြည်နယ်ဘက်ရှိ စစ်သင်တန်းကျောင်းများသို့ ညတွင်းချင်းပို့လေ့ရှိကြောင်း သိရသည်။
စာတည်း-ML
