ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် မိုဒီက ပူတင်ကို တောင်းဆို

ဓာတ်ပုံ-- REUTERS
ပုံစာ--တရုတ်နိုင်ငံ တီယန်ကျင်းမြို့၌ ကျင်းပနေသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေသည့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် ရုရှားသမ္မတဗလာဒီမာ ပူတင်တို့ကို တွေ့ရစဉ်

တရုတ်နိုင်ငံတွင် ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၏ သီးခြားတွေ့ဆုံမှုတွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံစဉ် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် တောင်းဆိုလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

“ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန်အတွက် မကြာသေးမီက ပြုလုပ်ခဲ့သည့် ကြိုးပမ်းမှုများကို ထောက်ခံကြောင်း မိုဒီက ထပ်မံပြောကြားခဲ့သည်” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပဋိပက္ခကို အလျင်အမြန် အဆုံးသတ်ပြီး တည်တံ့သော ငြိမ်းချမ်းရေးကို ရှာဖွေရန် လိုအပ်ကြောင်းကိုလည်း မိုဒီက ပြောကြားသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို အပြည့်အဝကျူးကျော်ဝင်ရောက်ခဲ့သည့် စစ်ပွဲ၌ အိန္ဒိယသည် ကြားနေရပ်တည်ချက်အတိုင်း ဆက်ရှိနေသည်။

အိန္ဒိယက ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ထောက်ခံခဲ့သော်လည်း ရုရှား၏ စွမ်းအင်တင်ပို့မှုများကို ပစ်မှတ်ထားသည့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများတွင် ပူးပေါင်းရန် ငြင်းဆန်ခဲ့သည်။

ယူကရိန်းစစ်ပွဲကြောင့် ဥရောပနိုင်ငံများက ရုရှားနှင့် ဆက်ဆံရေးဖြတ်တောက်ပြီးနောက် အိန္ဒိယသည် ရုရှားရေနံစိမ်းကို ဒုတိယအများဆုံး ဝယ်ယူသည့်နိုင်ငံဖြစ်လာခဲ့သည်။

ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် အိန္ဒိယက ရုရှားနှင့် ကုန်သွယ်မှုဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားခြင်းအပေါ် အိန္ဒိယအပေါ် ကုန်သွယ်ခွန်များ အကြီးအကျယ် ချမှတ်ခဲ့သည်။

သို့သော် အိန္ဒိယနှင့် ရုရှားတို့အကြား ဆက်ဆံရေးပြိုကွဲသွားခြင်းမရှိဘဲ နှစ်နိုင်ငံခေါင်းဆောင်များသည် “ကုန်သွယ်ရေး၊ ဓာတ်မြေဩဇာ၊ အာကာသ၊ လုံခြုံရေးနှင့် ယဉ်ကျေးမှုအပါအဝင် ကဏ္ဍအားလုံးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်” ဟု မိုဒီက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။