ဘီးလင်းမြို့နယ်တွင် စစ်အုပ်စု ဂျက်ဖိုက်ဖြင့် ဗုံးကြဲခဲ့သည့်အတွက် ကလေးအပါအဝင် ၅ ဦးသေဆုံး ၁၀ ဦးကျော် ဒဏ်ရာရ

ဓာတ်ပုံ - ပေးပို့
ပုံစာ- စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပြည်သူများ ထိခိုက် သေဆုံး ပျက်စီးခဲ့သည့် မြင်ကွင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပျဉ်းမဆိပ်အနောက်ဘက်ကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးသူငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူများထံမှ သိရသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုသည် ယမန်နေ့(စက်တင်ဘာလ ၉ ရက် )၊ ည ၈ နာရီ ၁၃ မိနစ်ခန့်တွင် ပျဉ်းမဆိပ်အနောက်ဘက်ကျေးရွာထဲသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တွင် ရှိနေကြသည့် အရပ်သားများ ထိခိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။

“ဗုံးက ၁ လုံးပဲ ကြဲချသွားတာ၊ ရွာထဲက အိမ်တွေရှိတဲ့နေရာတည့်တည့်ကို ကျတော့ အိပ်နေကြတဲ့ ရွာသားတွေ အကုန်ထိတယ်၊ လူတော်တော်များတယ်၊ ကလေးတွေလည်း ပါတယ်၊ အဲဒီရွာဘက်က တိုက်ပွဲ တစ်ခါမှ မဖြစ်ဖူးဘူး” ဟု ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက MPA သို့ ပြောသည်။

စစ်အုပ်စုဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် ၃ ဦးသည် အခင်းဖြစ်ရပ်ပင် ပွဲချင်းသေဆုံးကာ ၁၀ ဦးကျော်ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံပို့ဆောင်ချိန် နောက်ထပ် ၂ ဦးထပ်မံသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ဒဏ်ရာပြင်းထန်သူများ ရှိနေပြီး အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဖြစ်တဲ့ညကပဲ ဆေးရုံပို့လိုက်ကြတယ်၊ အဲဒီပို့တဲ့အချိန်မှာ ဒဏ်ရာများတဲ့သူတွေလည်း ရှိတယ်၊ ဒီမနက်ပိုင်း တော့ အဲဒီဘက်က ဖုန်းလိုင်းမရတော့ နောက်ဆက်တွဲဘယ်လို ဆက်ဖြစ်နေလဲ မသိရတော့ဘူး” ဟု ဖြစ်စဉ်ကို သိရှိထားသည့် ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

ဘီးလင်းမြို့နယ်နှင့် ဘားအံမြို့နယ်အကြားတွင် တည်ရှိသည့် ပျဉ်းမဆိပ်အနောက်ဘက်ကျေးရွာသည် ကေအဲန်ယူ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေတွင် တည်ရှိပြီး အာဏာသိမ်းပြီးနောက် တိုက်ပွဲအပါအဝင် လေကြောင်းတိုက်ခိုက်ခံရသည့်ဖြစ်စဉ်မျိုးမရှိဘဲ ယခု ပထမအကြိမ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

လက်ရှိ လေယာဉ်ဗုံးကြဲခံရတဲ့ဖြစ်စဉ်ကြောင့် ဒေသခံအများစု နေအိမ်မှ ထွက်ပြေးတိမ်းရှောင်မှုများ ရှိခဲ့သော်လည်း ယနေ့ နံနက်ပိုင်းတွင် အများစုက နေအိမ်ကို ပြန်လာကြပြီးဖြစ်ကြောင်း ကာကွယ်ရေး တပ်ဖွဲ့အချို့က ပြောသည်။

ယခုလအစောပိုင်းကတည်းက စစ်အုပ်စုသည် နိုင်ငံတဝန်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေပြီး ကလေးသူငယ်များအပါအဝင် အရပ်သား ဒါဇင်ချီသေဆုံးကာ အများအပြားထိခိုက်သေဆုံးလျက်ရှိနေသည်။

စာတည်း-ကိုဆန်း