10 Oct 2025 By Ko Myo / MPA
မြန်မာလူငယ် ၇ယောက်တွင် တစ်ယောက်နှုန်းသည် လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြရကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP Myanmar က ယနေ့(အောက်တိုဘာ၁၀ရက်)ထုတ်ပြန်သည်။
တစ်နိုင်ငံလုံးရှိ လူငယ်၇၀၀၀ကျော်၏ အသံများအပေါ် အခြေခံထားသည့် ‘အနာဂတ်ရပ်တန့်ခံမျိုး ဆက်သစ်’အစီရင်ခံစာ၌ အထက်ပါအတိုင်း ဖော်ပြထားပြီး လူငယ် ၇ ယောက်တွင် တစ်ယောက်နှုန်း သည် ၎င်းတို့၏ လုံခြုံရေးအတွက် အမြဲတမ်း သို့မဟုတ် မကြာခဏ စိုးရိမ်ပူပန်နေရကြောင်း ဆိုသည်။
“လုံခြုံရေးနဲ့ပတ်သက်ရင်တော့ အမြဲတမ်းစိုးရိမ်နေရတယ်လို့ ပြောမှ မှန်မယ်ထင်တယ်။အိမ်ကနေ အလုပ်သွားပြီဆိုရင်ကိုပဲ လမ်းမှာ ပေါ်တာဆွဲခံရမှာကြောက်ရတယ်။ကားမှတ်တိုင်ကနေဆင်းပြီး စက်ရုံကို သွားတဲ့အချိန်ကျတော့ ပေါ်တာရော အလုခံရမှာရော ကြောက်ရပြန်တယ်။ပြီးတော့ လကုန် ရက်နီးပြီဆို အလုပ်ပြုတ်တော့မှာလားဆိုတာလည်း တွေးကြောက်ရပြန်တယ်။ရန်ကုန်က စစ်ဖြစ်မ နေပေမဲ့ ရန်ကုန်လည်း ရန်ကုန်အလျောက်ပဲ။ အညာတို့ စစ်ဖြစ်နေတဲ့နေရာတွေဆို ပိုဆိုးမယ်”ဟု လှိုင်မြို့နယ်နေ စက်ရုံဝန်ထမ်း လူငယ်အမျိုးသားတစ်ဦးက MPAသို့ပြောသည်။
လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုသည် ပဋိပက္ခဒေသများတွင် ပိုမိုမြင့်မားပြီး ချင်းတွင် ရာခိုင်နှုန်း၃၀နှင့် ကရင်နီတွင် ၂၅ရာခိုင်နှုန်းရှိကြောင်း UNDP Myanmar က ဆိုသည်။
“ရန်ကုန်မှာ ပေါ်တာလည်းကြောက်စရာမလိုဘူး။အလုပ်အကိုင်အတွက်လည်း တွေးပူစရာမလိုတာ ဆိုလို့ စစ်တပ်အကောင်ကြီးကြီးနဲ့ သူတို့နဲ့ပတ်သက်ရာပတ်သက်ကြောင်း လူငယ်တွေပဲရှိမယ်”ဟု အ ထက်ပါစက်ရုံဝန်ထမ်းက ဆက်လက်ပြောသည်။
ယင်းသို့ မြန်မာလူငယ်များ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုအတွက် ပူပန်နေရမှုသည် မျိုးဆက်တစ်ခုလုံး ကြောက်ရွံ့မှု၊ မယုံကြည်မှုနှင့် စိတ်ဒဏ်ရာများကို ရင်ဆိုင်ဖြေရှင်းရန် ဖိအားပေးခံနေရခြင်းကဲ့သို့ဖြစ်ကြောင်း UNDP Myanmar ကဆိုသည်။
စာတည်း-ML
