ချောင်းဆုံ မဲစာရင်း ရာခိုင်နှုန်း၄၀ကျော် မှားယွင်း ဗြောင်းဆန်နေဟုဆို

ဓာတ်ပုံ- Information and Public Relations Department
ပုံစာ-ချောင်းဆုံ မဲစာရင်းကို သေနတ်ကိုင် စောင့်ရှောက်နေပုံ။

မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်အတွင်း မဲစာရင်း၏ ရာခိုင်နှုန်း၄၀ကျော်မှာ အမှားအယွင်းများ ဖြင့် ဗြောင်းဆန်နေကြောင်း သိရသည်။

မဲစာရင်းတွင် ၂၀၁၅ခုနှစ်မတိုင်ခင်ကတည်းက သေဆုံးခဲ့သူများလည်း ပါဝင်နေသလို အသက်၇၀ နှင့် “အထက် လူကြီးပိုင်းအများစုမှာ မဲစာရင်းထဲ၌ မပါကြောင်း ရပ်ကျေးအုပ်ချုပ် ရေးအသိုင်းအဝိုင်းနှင့် နီးစပ်သည့် သက္ကောရွာသားတစ်ဦးထံက သိရသည်။

“အသက်၆၀အထက်ဆို မဲစာရင်းထဲ မပါတာများတယ်။အသက်၇၀အထက်ဆို လုံးလုံးကို မပါတော့ ဘူး။လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က သေတဲ့သူတွေ၊၂၀၁၅မတိုင်ခင်ကတည်းက သေတဲ့သူတွေ မဲစာရင်းထဲ ပြန်ပါနေပြန်ရော။ပြီးတော့ တစ်အိမ်ထောင်စုထဲက အမှတ်စဉ်၁၅မှာ တစ်ယောက်ကပါတယ်ဆို အဲဒီ အိမ်ထောင်စုထဲက နောက်တစ်ယောက်ကျတော့ အမှတ်စဉ် ၁၀၀ကျော်လောက်မှာ ပါနေတယ်။ တကယ့်ကို ဟိုအတန်းထဲ ရဲဝင်နေသလိုပဲ”ဟု ၎င်းက MPAသို့ ပြောသည်။

ချောင်းဆုံမြို့အနောက်ပိုင်းရပ်ကွက်ရှိ အိမ်ထောင်စုစာရင်း လိုက်လံကောက်ခံခဲ့သည့် ရာအိမ်မှူးအ ချို့ပင် မဲစာရင်းထဲ မပါကြောင်း သိရသည်။

မဲစာရင်းကို စစ်ကော်မရှင်လက်အောက်ခံဝန်ထမ်းများ မကြည့်မနေရ ကြည့်ရမည်ဟု သက်ဆိုင်ရာက ဖိအားပေးထားပြီး ပြည်ခိုင်ဖြိုးပါတီကလည်း ၎င်းတို့၏ပါတီဝင်များ သွားကြည့်ကြရန် နှိုးဆော်ထား ကြောင်း သိရသည်။

“ဝန်ထမ်းတွေနဲ့ ကြံ့ဖွတ်ပဲ မဲစာရင်းသွားကြည့်တာများတယ်။ချောင်းဆုံတစ်မြို့နယ်လုံးမှာ မဲစာရင်း သွား ကြည့်တာ အလွန်ဆုံးရှိ ၁၀ရာခိုင်နှုန်းပဲ။ဝန်ထမ်းတွေတောင် သွားမကြည့်ရင် ပြဿနာရှာမှာမို့ သွား ကြည့်ကြတာ။တချို့ကျတော့ မဲစာရင်းသွားကြည့်ချင်ပေမဲ့ ရပ်ကွက်ရုံးမှာ မဲစာရင်းစောင့်နေတဲ့ ကောင်တွေက ကြံ့ဖွတ်တွေမို့ သွားမကြည့်ကြဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မဲစာရင်းစာရွက်ကို ဖျက်ဆီးလျှင် ပြင်းထန်စွာအရေး ယူမည်ဟု အုပ်ချုပ်ရေးမှူးတို့က သတိပေးထားသည်။

“ညဘက် လော်နဲ့ လိုက်အော်တာ။ မဲစာရင်းလာမကြည့်ရင် ဘာလုပ်မယ်၊ညာလုပ်မယ်တော့ အော် တဲ့ထဲ မပါဘူး။လူတွေလည်း သူတို့လို ရူးမနေတော့ အားအားယားယား သွားမကြည့်ဘူး”ဟု ချောင်း ဆုံမြို့နယ်၊ကလွီရွာသားတစ်ဦးက ပြောသည်။

ချောင်းဆုံမြို့အနီးရှိ မော်လမြိုင်မြို့ပေါ်တွင်လည်း မဲစာရင်းသွားကြည့်သူ မရှိသလောက်ပါးကြောင်း မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက ဆိုသည်။

“ကြံ့ဖွတ်နဲ့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေနဲ့ ပတ်သက်တဲ့ကောင်တွေ ကြည့်တာမျိုးရှိတယ်။ဒီ လောက်ပါပဲ”ဟု ၎င်းက ပြောသည်။

မဲစာရင်းများကို စက်တင်ဘာ၃၀ရက်မှ အောက်တိုဘာ၁၃ရက်အထိ ပထမအကြိမ် ကပ်ထားမည် ဖြစ်ကာ အမှားပြင်ဆင်ပြီးနောက် နိုဝင်ဘာလအတွင်း နောက်ဆုံးအကြိမ် ထပ်ကပ်မည်ဟု တရားမ ဝင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

စာတည်း-ML