တရုတ်၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန် ထိုင်ဝမ်သမ္မတက ‘T-Dome’ လေကြောင်းကာကွယ်ရေးစနစ်ကို ထုတ်ပြန်ကြေညာ

ဓာတ်ပုံ- Eurasian Times
ပုံစံ-ထိုင်ဝမ်တွင် လက်ရှိ အသုံးပြုနေသည့် PAC-3 ပက်ထရီးယော့ လေကြောင်း ကာကွယ်ရေးစနစ်၊

AFP

တရုတ်၏ ခြိမ်းခြောက်မှုများကို ကာကွယ်ရန်နှင့် ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ရန်အတွက် “T-Dome” ဟုခေါ်သော အလွှာပေါင်းစုံပါဝင်သည့် လေကြောင်းကာကွယ်ရေးစနစ်အသစ်ကို တည်ဆောက်သွားမည်ဟု ထိုင်ဝမ်သမ္မတ လိုင်ချင်းထယ်က အောက်တိုဘာလ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာလိုက်ပြီး တရုတ်အနေဖြင့် ထိုင်ဝမ်ကျွန်းကိုသိမ်းပိုက်ရန် စစ်အင်အားသုံးခြင်းကို စွန့်လွှတ်ရန် တောင်းဆိုလိုက်သည်။

ထိုင်ဝမ်သည် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ကာ ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့များကို ခေတ်မီအောင် ဆောင်ရွက်နေသော်လည်း များစွာပိုမိုကြီးမားသော စစ်တပ်ရှိသည့်အပြင် ရေဒါရှောင်တိုက်လေယာဉ်များ၊ လေယာဉ်တင်သင်္ဘောများနှင့် ကြီးမားသော ဒုံးကျည်များ ကဲ့သို့သော အဆင့်မြင့်လက်နက်အသစ်များကိုပါ ထပ်မံဖြည့်တင်းနေသည့် တရုတ်နိုင်ငံကို ရင်ဆိုင်နေရသည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်းထယ်က အမျိုးသားနေ့ မိန့်ခွန်း တွင် ထိုင်ဝမ်သည် ကာကွယ်ရေးအတွက် ပိုမိုသုံးစွဲရန် ဆုံးဖြတ်ထားပြီး ယခုနှစ်ကုန်တွင် စစ်ရေးအသုံးစရိတ်အတွက် အထူးဘတ်ဂျက်ကို အဆိုပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရခြင်းမှာ ရည်ရွယ်ချက်ရှိပါတယ်။ ဒါဟာ ရန်သူရဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့အတွက် ရှင်းလင်းတဲ့ လိုအပ်ချက်ဖြစ်ပြီး၊ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို တိုးတက်စေမယ့် မောင်းနှင်အားလည်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ T-Dome တည်ဆောက်ခြင်းကို အရှိန်မြှင့်လုပ်ဆောင်သွားမှာဖြစ်ပြီး၊ အလွှာပေါင်းစုံကာကွယ်ရေး၊ အဆင့်မြင့် ထောက်လှမ်းရေး၊ ထိရောက်သော ကြားဖြတ်ဖျက်ဆီးရေးတို့ပါဝင်တဲ့ တင်းကျပ်တဲ့ လေကြောင်းကာကွယ်ရေးစနစ်ကို ထိုင်ဝမ်မှာ တည်ထောင်ကာ၊ နိုင်ငံသားများရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့အတွက် ထိုင်ဝမ်အတွက် လုံခြုံရေးကွန်ရက်ကို ဖန်တီးသွားမှာပါ” ဟု လိုင်ချင်းထယ်က ပြောကြားခဲ့သည်။

ထိုင်ဝမ်၏ လက်ရှိလေကြောင်းကာကွယ်ရေးစနစ်များသည် အဓိကအားဖြင့် အမေရိကန်လုပ် Patriot ဒုံးကျည်များ နှင့် ထိုင်ဝမ်ထုတ် Sky Bow ဒုံးကျည်များ ကို အခြေခံထားသည်။

ထိုင်ဝမ်သည် ပြီးခဲ့သည့်လက ထိုင်ပေရှိ အဓိကလက်နက်ပြပွဲတွင် ၎င်း၏ နောက်ဆုံးပေါ် လေကြောင်းကာကွယ်ရေးဒုံးကျည်ဖြစ်သော Chiang-Kong ကို မိတ်ဆက်ခဲ့သည်။ ၎င်းဒုံးကျည်သည် အလယ်အလတ်အဆင့် ပဲ့ထိန်းဒုံးကျည်များကို ကြားဖြတ်ဖျက်ဆီးရန်နှင့် Patriots ထက် ပိုမိုမြင့်မားသော လေပိုင်နက်အထိ ရောက်ရှိရန် ဒီဇိုင်းထုတ်ထားသည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်းထယ်၏ မိန့်ခွန်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကွမ်ကျာကွမ်းက “စစ်အင်အားဖြင့် လွတ်လပ်ရေးရှာဖွေခြင်း” သည် ထိုင်ဝမ်ကို ပဋိပက္ခထဲသို့ ဆွဲသွင်းရာရောက်လိမ့်မည်ဟု တုံ့ပြန်ပြောကြားခဲ့သည်။

“သူက ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ရေးမှားယွင်းတဲ့ အတွေးအမြင် ကို ရောင်းချနေတာပါ” ဟု ကွမ်က က ပေကျင်းမြို့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ “ဒါက ပြဿနာရှာသူ၊ အန္တရာယ်ဖန်တီးသူနဲ့ စစ်ပွဲဖန်တီးသူအနေနဲ့ သူ့ရဲ့ ခေါင်းမာတဲ့ သဘောသဘာဝကို ထပ်မံဖော်ထုတ်လိုက်တာပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

T-Dome စနစ်သည် သက်တမ်းကြာမြင့်နေပြီဖြစ်သည့် HAWK ကဲ့သို့သော စနစ်များကို အစားထိုးရန်နှင့် ပက်ထရီယော့(PAC) စနစ်ကို အားဖြည့်ရန် ရည်ရွယ်ပြီး အနိမ့်ပျံလေကြောင်းကာကွယ်ရေးကွန်ယက်ကို ဖန်တီးမည်ဖြစ်ကြောင်း Open Nuclear ၏ ခွဲခြမ်းစိတ်ဖြာချက်တွင် ဖော်ပြထားသည်။

ယင်းစနစ်၏ အဓိက အစိတ်အပိုင်းများတွင် Phase-Array ရေဒါ များ၊ ပူးပေါင်းထိန်းချုပ်စခန်း များ၊ နှင့် လေယာဉ်များ၊ ခရုဇ်ဒုံးကျည်များ၊ နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်များကို ပစ်မှတ်ထားနိုင်စွမ်းရှိသော ဒေါင်လိုက်ပစ် ဒုံးကျည်စနစ်များ ပါဝင်သည်။

DevDiscourse ၏ ဖော်ပြချက်အရ ယင်းစနစ်အတွက် ၂၀၂၆ ခုနှစ်အထိ T-Dome စခန်း ၁၂ ခု တည်ဆောက်ရေး မဟာဗျူဟာကြီး၏ တစ်စိတ်တစ်ပိုင်းအဖြစ် တီထွင်နေ သည်။

နည်းပညာဆိုင်ရာ အသေးစိတ်အချက်အလက်များ လျှို့ဝှက်ထားဆဲဖြစ်သော်လည်း T-Dome သည် Tien Kung-3 (TK III) စနစ်ကို အခြေခံထားဖွယ်ရှိပြီး ၎င်း TK III စနစ်တွင် ပစ်မှတ်ကို ခွဲခြားသတ်မှတ်နိုင်သည့် ထိပ်ဖူးများ၊ ဒစ်ဂျစ်တယ် အချက်ပြမှုလုပ်ဆောင်ခြင်း နှင့် ရွေ့လျားမှု တိုးမြှင့်ခြင်းများ ကဲ့သို့သော စွမ်းရည်များကို ပိုင်ဆိုင်ထားကြောင်း Open Nuclear ၏ လေ့လာချက်တွင် ဖော်ပြထားသည်။