စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ကာ အမျိုးသမီးကြီး ၂ဦးသေဆုံးခဲ့ကြောင်းသိရသည်။
အောက်တိုဘာ ၁၀ရက်၊ ည ၉နာရီ မိနစ် ၄၀ခန့်တွင် ချောင်းဦးမြို့ ဘောလုံးကွင်းမှ ၁၂၀မမ လက်နက်ကြီး နှစ်လုံးပစ်ခတ်ခဲ့ရာ ငါးလုံးတင်ကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
” ပထမတစ်လုံးက ငါးလုံးတင်ကျေးရွာထဲကျတယ်။ နှစ်လုံးစလုံးက ကျတာတော့ ငါးလုံးတင်ရွာထဲကျတာပေါ့။ ရှေ့ဆင့်နောက်ဆင့်ပဲ။ ပထမတစ်လုံးကျတဲ့ဟာက ပြည်သူတစ်ယောက်က နေရာမှာပဲပွဲချင်းပြီးသွားတာ။ အဒေါ်ကြီးတွေပေါ့။ အဒေါ်ကြီးအရွယ်တွေ။ တစ်ယောက်ကတော့ ဒီနေ့မနက်မှာဆုံးပါးသွားတာ။ အမျိုးသမီးနှစ်ဦးပေါ့” ဟု ဒေသတွင်းPDFရဲဘော်တစ်ဦးက MPAသို့ပြောသည်။
လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အခြားဒေသမှလာရောက်နေထိုင်သည့် အသက် ၅၀အရွယ်အမျိုးသမီးတစ်ဦးနှင့် အသက်၅၀အရွယ် ရွာခံအမျိုးသမီးတစ်ဦးသေဆုံးကာ ၎င်း၏မြေးဖြစ်သူ ၁၀နှစ်ကျော်အရွယ် ယောက်ျားလေးတစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။
” ပထမဆုံးသေသွားတာ တခြားကျေးရွာကနေပြီးတော့ လုံးလုံးမှသူတို့ကျေးရွာတွေ နေမဖြစ်လို့မို့ ဒီဘက်တွေ တိမ်းရှောင်နေတဲ့ ပြည်သူတစ်ဦး။ ဒီနေ့ မနက်ခင်းမှာ သေဆုံးသွားတဲ့ အဒေါ်ကြီးတစ် ယောက်ကတော့ ရွာခံပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်နက်ကြီးသည် နေအိမ်ဝင်းအစွန်သို့ ကျရောက်ပေါက်ကွဲသဖြင့် နေအိမ်ပျက်စီးမှု မရှိကြောင်းသိရသည်။
အောက်တိုဘာ ၆ရက်၊ သီတင်းကျွတ်လပြည့်ညကလည်း ချောင်းဦးမြို့နယ်၊ ဘုံတိုရွာကို စစ်တပ်က ပါရာမော်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးပြည်သူ ၂၂ဦးနှင့် ဒဏ်ရာရပြည်သူ ၅၅ဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
စာတည်း-ML
