ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကော်မရှင်၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ကြားကာလပြည်သူ့အခြေပြုစာသင်ကျောင်းများအားလုံး ပိတ်ထားရကြောင်း သိရသည်။
စစ်ကော်မရှင်သည် မင်းတပ်မြို့နယ် ဝမ္မသူးရွာစာသင်ကျောင်းနှင့် ထင်ချောင်းရွာစာသင်ကျောင်းများကို ပြီးခဲ့သည့်အောက်တိုဘာ၈ရက်၊ ည၇နာရီအချိန်ခန့်တွင် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်ပညာရေးဘုတ်အဖွဲ့ထံသို့ အောက်တိုဘာ၉ရက်နေ့တွင် ကျောင်းများအားလုံးခေတ္တပိတ်ထားရန် အကြောင်းကြားခဲ့ပြီး အောက်တိုဘာ(၁၀)ရက်နေ့မှစ၍ ပိတ်ထားခြင်းဖြစ်သည်။
“ထိခိုက်သေဆုံးမှုကို မင်းတပ်မြို့နယ်ပအဖ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တို့က ထုတ်ပြန်ပေးပါလိမ့်မယ်ခင်ဗျ”ဟု မင်းတပ်မြို့နယ် ပညာရေးဘုတ်အဖွဲ့ Page Admin Teamက MPAသို့ ပြောသည်။
စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဝမ္မသူးရွာစာသင်ကျောင်းမှ အုတ်(၂)ဆောင်၊ ပျဥ် (၁)ဆောင်၊ ဝန်ထမ်းအိမ်ရာ (၃)ဆောင်နှင့် ထင်ချောင်းရွာမှ ကျောင်းဆောင်နှင့်ဘော်ဒါဆောင်(၆)ဆောင်၊ လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦး (၄)ဆောင်တို့ ထိခိုက်ပျက်စီးသွားကြောင်း မင်းတပ်မြို့နယ်ပညာရေးဘုတ်အဖွဲ့ထံမှသိရသည်။
” ဝမ္မသူးက လူအထိအခိုက်မရှိဘူး။ ထင်ချောင်းက ချင်းနဲ့ယောအစပ်မှာရှိတာ။ အဲ့မှာက စစ်ဘေးရှောင်တွေရောနေတယ်ပြောတယ်။ အဲ့မှာတော့ ကျောင်းသားသုံးဦးနဲ့ စစ်ရှောင်တစ်ဦး၊ (၄)ဦးပွဲချင်းပြီးသေတယ်။ ဒဏ်ရာရတဲ့သူလည်းများတယ်ပြောတယ်”ဟု မင်းတပ်ဒေသခံအမျိုးသားတစ်ဦးက MPAသို့ ပြောသည်။
မင်းတပ်ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို အမြဲတမ်းစိုးရိမ်သတိထားနေကြရပြီး လေကြောင်းကင်းထောက်အဖွဲ့များ၊ လေကြောင်းအတက်သတင်းများကို အမြဲနားစွင့်နေကြရကြောင်း မင်းတပ်မြို့နယ်ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။
” ညအိပ်မောကျနေချိန် ချသွားမှာလည်း လန့်နေရတယ်။ ညဆိုကောင်းကောင်းအိပ်မပျော်၊ အိပ်မရလို့ရောဂါတွေတောင်ရတော့မလားမသိဘူး။ တချို့လည်း တောင်ယာတဲတွေမှာ ပြောင်းအိပ်ကြတာလည်းရှိတယ် ” ဟု ၎င်းကပြောသည်။
မင်းတပ်မြို့ကို အာရက္ခတပ်တော်(AA)၏ အကူအညီဖြင့် CDF(မင်းတပ်)နှင့် ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်များက ၂၀၂၄ ခု၊ ဒီဇင်ဘာ(၂၁)ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ထိုးစစ်ပြန်မဆင်နိုင်သော စစ်ကော်မရှင်သည် မင်းတပ်မြို့ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။
စာတည်း-ကိုဆန်း
