11 Oct 2025 By Hsu Yee/MPA
မြန်မာအမျိုးသမီးများ ရင်ဆိုင်နေရသည့် ဒုက္ခဆင်းရဲများသည် အကျပ်အတည်း၏ ဘေးထွက်ဆိုးကျိုးမဟုတ်ဘဲ စစ်တပ်၏ မဟာဗျူဟာတစ်ရပ်ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။
အောက်တိုဘာ၁၀ရက်၊ကုလသမဂ္ဂဌနချုပ်တွင် ကျင်းပသော အမျိုးသမီးကဏ္ဍ အပြန်အလှန် ဆွေး နွေးမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ထည့်သွင်းဆွေးနွေးခဲ့သလို အောက်တိုဘာ၆ရက်၊သီတင်းကျွတ်လပြည့်ညတွင် စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ၌ ဆီမီးသပိတ်ပြုလုပ်နေစဉ် စစ်တပ်က ပါရာမော်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူ ၂၀ကျော် သေဆုံးခဲ့ကြောင်းလည်း ဆိုသည်။
“စစ်တပ်ကတော့ ရှင်းပါတယ်။အခုလို ပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်နေတာကို လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တစ်ခုကို ရိုးသားစွာ ပြုမူဆောင်ရွက်နေတာလို့ ရှုမြင်နေတာပါ။အမျိုးသမီးတွေ လည်း မရှောင်ဘူး။ကလေးလည်း မရှောင်ဘူး။ကိုယ့်ဘာသာ အာဏာရဖို့လုပ်တာ မှန်တယ်လို့ ယူဆ နေကြတယ်”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
စစ်အုပ်စုသည် အရပ်သားပြည်သူများအပေါ် အနိုင် အရှုံး အပြတ်အသတ် ထွက်ပေါ်စေမည့် တွေးခေါ်ယူဆချက်ဖြင့် ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်လျက်ရှိပြီးအမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်ချက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ အထိ စစ်တပ်က သတ်ဖြတ်ခဲ့သည့် အမျိုးသမီး အရေအတွက် ၂,၄၁၀ အထိရှိကာ ယင်းသည် သေဆုံးသူစုစုပေါင်း၏ ၂၂ဒဿမ၈ ရာခိုင်နှုန်းဖြစ်ကြောင်းလည်း ဆိုသည်။
ထို့ပြင် စစ်အုပ်စု ကျူးလွန်ဆဲ၊ ကျူးလွန်မြဲဖြစ်သည့် လေကြောင်းတိုက်ခိုက်မှု၊ ဗုံးကြဲ တိုက်ခိုက်မှု၊ ဥပဒေမဲ့စီးနင်းဝင်ရောက် တိုက်ခိုက်မှုများနှင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်စေခြင်းများကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် လူကုန်ကူးမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အဓမ္မထိမ်းမြားလက်ထပ်စေခြင်းစသည့် အန္တရာယ်များဆီသို့ တွန်းပို့ခံနေရ ကြောင်းလည်း ပြောသည်။
ဆက်လက်ပြီး သံအမတ်ကြီးက စစ်တပ်က ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲ ကို ပြင်းထန်စွာ ကန့်ကွက်ခြင်းသည် နိုင်ငံတကာအသိုက်အဝန်းအပေါ် အမျိုးသမီးများအပါအဝင် ပြည်သူများ၏ တောင်းဆိုချက်ဖြစ်ကြောင်းလည်းဆိုသည်။
စက်တင်ဘာလအတွင်း စစ်တပ်က မြေပြင်နှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး၄၇ဦး သေဆုံးခဲ့ပြီး ၅၇ဦးဒဏ်ရာရခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားသည်။
စာတည်း-ML
