မြောက်ကိုရီးယား စစ်ရေးပြအခမ်းအနားတွင် နိုင်ငံ၏ အင်အားအကြီးဆုံး နျူကလီးယားလက်နက်ကို ထုတ်ဖော်ပြသ

ဓာတ်ပုံ- Reuters
ပုံစာ - ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်က ကျင်းပခဲ့သည့် မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ တည်ထောင်ခြင်း နှစ်၈၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား

မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ တည်ထောင်ခြင်း နှစ်၈၀ ပြည့် အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၁၀ ရက်က ကျင်းပခဲ့သည့် စစ်ရေးပြအခမ်းအနားတွင် နိုင်ငံ၏ ‘အင်အားအကြီးဆုံး နျူကလီးယားလက်နက်’ ကို ထုတ်ဖော်ပြသလိုက်သည်။

နောက်ဆုံးပေါ် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) နှင့် တပ်ဆင်ပစ်ခတ်သည့် အဆိုပါ နျူကလီးယား လက်နက်အား မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်က တရုတ်ဝန်ကြီးချုပ် လီချီယန်၊ ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ် နှင့် ဗီယက်နမ် ကွန်မြူနစ်ပါတီခေါင်းဆောင် တိုလမ် တို့အပါအဝင် နိုင်ငံတကာ ဧည့်သည်တော်များတက်ရောက်ခဲ့သည့် စစ်ရေးပြအခမ်းအနားတွင် ပြသခဲ့ခြင်းဖြစ်ကြောင်း မီဒီယာ KCNA က သတင်းထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယား၏ အဆင့်မြင့် ဟွာဆောင်း-၂၀ (Hwasong-20) တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်သည် နိုင်ငံ၏ “အင်အားအကြီးဆုံး နျူကလီးယား မဟာဗျူဟာမြောက် လက်နက်စနစ်” ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဟွာဆောင်း (Hwasong) ICBM အမျိုးအစားသည် မြောက်ကိုရီးယားကို အမေရိကန်ရှိ မည်သည့်နေရာကိုမဆို တိုက်ခိုက်နိုင်သည်ဟုဆိုသော်လည်း ပစ်မှတ်လမ်းညွှန်မှု တိကျမှုနှင့် ယင်း၏ ထိပ်ဖူးသည် လေထုထဲ ပြန်လည်ဝင်ရောက်မှုကို ခံနိုင်ရည်ရှိမရှိ ကိုမူ ကျွမ်းကျင်သူများက အတိအကျမသိရှိရသေးပေ။

အမေရိကန်အခြေစိုက် Carnegie Endowment for International Peace မှ အန်ကစ် ပန်ဒါ က “ဟွာဆောင်း-၂၀ ဟာ လက်ရှိအချိန်အထိ မြောက်ကိုရီးယားရဲ့ တာဝေးပစ် နျူကလီးယား ပစ်ချနိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ဒီစနစ်ကို ဒီနှစ်ကုန်မတိုင်ခင် စမ်းသပ်တာကို မြင်ရဖို့ မျှော်လင့်ရပါမယ်” ဟု ပြောကြားသည်။

“ဒီစနစ်ဟာ ထိပ်ဖူးအများအပြားနဲ့ တပ်ဆင်ပစ်ခတ်ဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်နိုင်ပါတယ်၊ ထိပ်ဖူးအများအပြားဟာ လက်ရှိ အမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေအပေါ် ဖိအားတွေ တိုးလာစေမှာဖြစ်ပြီး ကင်မ်က ဝါရှင်တန်ကို အံတုဖို့ အဓိပ္ပာယ်ရှိတဲ့ အတားအဆီးအကျိုးသက်ရောက်မှု ရရှိဖို့ လိုအပ်တယ်လို့ မြင်တဲ့အရာတွေကို မြှင့်တင်ပေးပါလိမ့်မယ်” ဟုလည်း ၎င်းက ပြောကြားသည်။

စစ်ရေးပြအခမ်းအနားအတွင်း မိန့်ခွန်းတွင် ကင်မ်က ရုရှား၏ ယူကရိန်းစစ်ပွဲ အပါအဝင် ပြည်ပ၌ တာဝန်ထမ်းဆောင်နေသော မြောက်ကိုရီးယား တပ်ဖွဲ့ဝင်များကို “နွေးထွေးစွာ အားပေးစကား” ပြောကြားခဲ့ပြီး ၎င်းတို့၏ သူရဲကောင်းဆန်မှုသည် နိုင်ငံတော် ကာကွယ်ရေးထက်ကျော်လွန်၍ “ဆိုရှယ်လစ်တည်ဆောက်ရေး ရှေ့တန်းစခန်းများ” အထိ ကျယ်ပြန့်သွားမည်ဖြစ်ကြောင်း KCNA က ဖော်ပြခဲ့သည်။

ထို့အပြင် ကင်မ်က မြောက်ကိုရီးယား စစ်တပ်သည် ခြိမ်းခြောက်မှုအားလုံးကို ဖျက်ဆီးပစ်နိုင်သော မည်သူမျှ မချေမှုန်းနိုင်သည့် အဖွဲ့အစည်းအဖြစ် ဆက်လက် ကြီးထွားလာရမည်” ဟု ကြေညာခဲ့သည်။

ကင်မ်သည် အောက်တိုဘာ ၁၀ ရက်တွင် မက်ဗီဒက်ဗ်နှင့်လည်း တွေ့ဆုံခဲ့ရာ မက်ဗီဒက်ဗ်က ယူကရိန်းရှိ ရုရှားအတွက် တိုက်ပွဲဝင်နေသော မြောက်ကိုရီးယားစစ်သားများက နိုင်ငံနှစ်ခုအကြား ယုံကြည်မှုကို ပြသနေသည် ဟု မှတ်ချက်ပြုခဲ့သည်။

ကင်မ်က ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် လုပ်ဆောင်ရန်နှင့် အပြန်အလှန် ရည်မှန်းချက်များ အောင်မြင်စေရန် ကဏ္ဍပေါင်းစုံ ဖလှယ်မှုများတွင် ပါဝင်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း KCNA သတင်းအရ သိရသည်။