နမ့်ဆန်မြို့၊ ကယားကြီးကျေးရွာကို စစ်တပ် ထပ်မံဗုံးကြဲ

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-စစ်ကော်မရှင် ဗုံးကြဲခဲ့သည့် ကယားကြီးရွာ

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာကို စစ်ကော်မရှင်က လေကြောင်း အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယနေ့(အောက်တိုဘာ ၁၃ရက်) မွန်းလွဲ ၁နာရီခန့်တွင် စစ်ကော်မရှင်တပ်က ကယားကြီးကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံး ခြောက်လုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အခုလောလောဆယ်က နှစ်ဦးထိတယ်လို့ ပြောလာတယ်။ ဘယ်သူဘယ်ဝါတော့ အတိအကျ မပြောနိုင်သေးဘူး။ ကျတော်တို့လည်း သွားကြည့်မလို့အခုက။ စာသင်းကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ အခြားရပ်ကွက် မှာကျသွားတယ်လို့ သိတယ်။ အသေးစိတ်တော့ မပြောတတ်သေးဘူး” ဟု ဖြစ်စဉ်ကို သိရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၄ရက်ကလည်း စစ်ကော်မရှင်သည် နမ့်ဆန်မြို့နယ်၊ ဇယ်တုန်ဟုန်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပြီး ဆယ့်ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

“စာသင်းကျောင်းမှာကျသွားတာတော့ ဟုတ်တယ်။ ကလေးတွေရဲ့ ကျောင်းတက်ချိန်လည်း ဟုတ်တယ်။ ထိခိုက်မှုရှိတယ်လို့ကြားတယ် း” ဟု နမ့်ဆန်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကော်မရှင်သည် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မြို့များကို ပြန်လည် သိမ်းပိုက်နိုင်ရန်အတွက် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာပြီး လက်ရှိ သီပေါမြို့ကိုလည်း မြေပြင်ထိုးစစ်ဆင်မှုများ လုပ်ဆောင်လျက်ရှိသည်။