စစ်ကော်မရှင်က တောင်သာတောင်ပေါ်တွင် ကျည်ကွယ်၊မျက်ကွယ်ဖြစ်နေခြင်းကို ရှင်းလင်းလိုသဖြင့် သစ်ပင်ခုတ်ခွင့်ပြုထားခြင်းအပေါ် တော်လှန်ရေးအင်အားစုတို့က ဟန့်တားလိုက်သည်။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊တောင်သာတောင်ပေါ်ရှိ စစ်တပ်သည် ၎င်းတို့နှင့် အနီးတစ်ဝိုက် ကျည်ကွယ်၊ မျက်ကွယ်ဖြစ်နေခြင်းကို ရှင်းလင်းလိုခြင်းကြောင့် တောင်သာတောင် သစ်တောဘေးမဲ့ ကြိုးဝိုင်းအတွင်း ပြည်သူများအား သစ်ပင်ခုတ်ခွင့်ပြုထားသည့်အပေါ် ယနေ့ (အောက်တိုဘာ ၁၃ရက်)မှ စ၍ လုပ်ဆောင်ခွင့်မပေးတော့ကြောင်း တောင်သာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ကြေညာချက်ထုတ်ပြန်လိုက်သည်။
” ပြောချင်တာက အဲ့နားမှာ ခွေးစခန်းရှိတယ်။ အဲ့ သစ်ပင်ဝါးပင်တွေ ခုတ်လိုက်တဲ့အတွက် ကျနော်တို့ ဒီဘက် တော်လှန်ရေးသမားတွေအတွက် ကျည်ကွယ်၊ မျက်ကွယ်ပျောက်တယ်ဗျ။ သွားရလာရတာ အဆက်မပြေတာတို့။ အလုပ်လုပ်ရတာ အဆင်မပြေတာလေးတွေတို့ရှိတယ်။ ထင်းခုတ်သွားတဲ့ပြည်သူနဲ့ စခန်းမှာရှိတဲ့ ခွေးနဲ့ ကျနော်တို့က ဗြုန်းစားကြီးမကွဲနိုင်ဘူးလေ” ဟု တောင်သာမြို့နယ်ပကဖနှင့် နီးစပ်သူတစ်ဦးက MPA သို့ပြောသည်။
တောင်သာတောင်ပေါ်တွင် စစ်သားအင်အား ၄၀ ဝန်းကျင်ရှိကြောင်း သိရသည်။
” သူတို့ဆီကို ဒါတွေ(သစ်ပင်၊ဝါးပင်) အကာကွယ်ယူပြီး တက်လာမှာကြောက်တာရယ်။ ပြည်သူကကျ အဲ့လို မစဉ်းစား မတွေးတော မသိဘူးလေ။ သူတို့က ခုတ်ခွင့်ရတယ်ဆိုတော့ ခုတ်ကြတာဗျာ။ ခုကျတော့ စီးပွားဖြစ်သဘောတွေပါ ခုတ်ကြတာပါလာတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယနေ့မှ စ၍ တောင်သာတောင်သစ်တောဘေးမဲ့ကြိုးဝိုင်းကို စက်ပစ်ကွင်းအဖြစ်သတ်မှတ်ကာ အချိန်မရွေး လက်နက်ကြီး၊ လက်နက်ငယ်များ စမ်းသပ်ပစ်ခတ်မှုပြုလုပ်မည်ဖြစ်သဖြင့် ဗုံးစ၊ ကျည်စထိမှန်ခဲ့လျှင် လိုက်နာပူးပေါင်းမဆောင်ရွက်သူ၏ တာဝန်သာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
” လက်နက်စမ်းတာ သူ့တို့ဆီကို ဦးတည်ပြီး စမ်းလိုက်တာ ပိုကောင်းတယ်လေ။ လက်နက်စမ်းတာ အောင်မြင်ခြင်း မအောင်မြင်ခြင်လည်း သုံးသပ်လို့ရသလို တစ်ဖက်ရန်သူကိုလည်း ခြိမ်းခြောက်ပြီး သား လည်းရအောင်” ဟု ၎င်းကပြောသည်။
သစ်ခုတ်ယူနေသည်ဟု သတင်းရရှိထားသော ရွာများဖြစ်သည့် ဥယျာဉ်၊ သဖန်းပင်တော၊ ကွမ်းခြံ၊ သပြေပင်ရွာနှင့် တောင်သာမြို့နယ်အမှတ် ၂ရပ်ကွက်မှ ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန်နှင့် လိုက်နာရန် ထုတ်ပြန်ချက်၌ အသိပေးထားသည်။
