ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လာပိတ်အခြေစိုက် အမှတ် ၃၆၂ အမြောက်တပ်ရင်းမှ ဗိုလ်ကြီး ဆန်းကျော်သီးသည် တပ်ကြပ်ကြီး သန်းဝင်းကို ဝါရင်းတုတ်နဲ့ ရိုက်သတ်ခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၇ရက်က လွိုကော်မြို့ အကျဉ်းဦးစီးဌာန၌ အမြောက်ပစ်ကူပေးရန် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ကြီးဆန်းကျော်ဦးသည် တန်းစီလူစစ်ရာ တန်းစီရန် နောက်ကျခဲ့သည့် တပ်ကြပ်ကြီး သန်းဝင်းကို ဝါးရင်းတုတ်ဖြင့် ခြေသလုံး၊ ပေါင်၊ တင်ပါး၊ ဝမ်းဗိုက်နှင့် ရင်ဘတ်နေရာများကို ရိုက်နှက်ခဲ့သည့်အပြင် ကန်ကြောက်၊ ထိုးကြိတ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ဆရာကြီးကို အဲ့ဒီလိုတွေလုပ်ပြီးတော့ ပစ်ဒဏ်ပေးတယ်ဆိုပြီး မြက်ရှင်းဖို့ လွှတ်ခဲ့တယ်။ အဲ့ဒီလို စေလွှတ်ခဲ့လို့ ဆရာကြီးက မြက်ရှင်းဖို့သွားနေတဲ့အချိန်မှာ လဲကျသွားတယ်။ ဘယ်လောက်တောင် နှိပ်စက်ခံရလဲဆိုရင် စအိုကနေ မစင်တွေပါ ထွက်လာပြီး သတိလစ်သွားတယ်။ အဲ့ဒီလိုဖြစ်တာတောင် ဗိုလ်ကြီး ဆန်းကျော်ဦးက သေသွားပြီထင်တယ်။ သေသွားလည်း အေးရော၊ ထောင်ကျပြီး ထွက်မယ်ဆိုပြီးကိုပြောတာ” ဟု လွိုင်ကော်မြို့နယ်ရှိ တပ်တွင်း သတင်းရင်းမြစ်က MPA ကိုပြောသည်။
ယခုကဲ့သို့ နှိပ်စက်ခံခဲ့ရသည့် တပ်ကြပ်ကြီးသန်းဝင်းကို ဗိုလ်ကြီး ဆန်းကျော်ဦးကိုယ်တိုင် ဆိုင်ကယ်ဖြင့် လွိုင်ကော် တပ်မတော်ဆေးရုံသို့ လိုက်လံပို့ဆောင်ခဲ့သော်လည်း နှိပ်စက်ခံရသည့် ဒဏ်များဖြင့် လမ်း၌ပင် သေဆုံးခဲ့ကြောင်းသိရသည်။
သို့သော် တပ်ကြပ်ကြီးကို နှိပ်စက်ခဲ့သည့် ဗိုလ်ကြီး ဆန်းကျော်ဦး အရေးယူမခံရရေးအတွက် ၃၆၂ အမြောက်တပ်ရင်းဌာနချုပ်မှ တာဝန်ရှိသူများကိုကာကွယ်မှုများပြုလုပ်ပေးနေပြီး တပ်ကြပ်ကြီး သေဆုံးခဲ့မှုကို အခြားရောဂါဖြင့် သေဆုံးခဲ့သည်ဟု လိမ်လည်ကာ ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ဒကစ – လွိုင်ကော်) ကို တင်ပြထားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“တပ်တွင်းမှာ ရာထူးနဲ့ ကြီးနိုင် ငယ်ညှဉ်း ပြဿနာတွေက ခေတ်အဆက်ဆက်မှာရှိလာတာ၊ စစ်ဗိုလ်ဆိုတဲ့ကောင်တွေက ပခုံးမှာ အပွင့်တက်လာလေ မိုက်ရိုင်းလာလေပဲ၊ တပ်သားတွေဆိုတာကတော့ ကျွန်သာသာလို့ကို မြင်နေတာ၊ ဒီစနစ်ဆိုးကို စစ်တပ်ထဲမှာ ရိုက်သွင်းထားတာ” ဟု CDM စစ်သား တစ်ဦးက ပြောသည်။
အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမြောက်တပ်ရင်းမှ စစ်သားနှင့် မိသာစုဝင်များသည် ကျေနပ်မှုမရှိသော်လည်း သတင်းအမှန်မပေါက်ကြားစေရေးအတွက် ခြိမ်းခြောက်နှုတ်ပိတ်မှုများ ပြုလုပ်ထားကြောင်းလည်းသိရသည်။
“ဗိုလ်ကြီး ဆန်းကျော်ဦးက အဖေအရွယ် အရာခံ ဗိုလ်တွေကိုပါ ပါးရိုက်တာ၊ ထိုးကြိတ်တာ၊ ကန်ကြောက်တာနဲ့ စစ်သားတွေကို မကြာခဏ နှိပ်စက်တာတွေပြုလုပ်တဲ့သူပါ၊ သူ့ရဲ့လက်သုံးစကားကတော့ မင်းတို့ သေသွားလည်း ဂရုမစိုက်ဘူးဆိုပြီး အမြဲလိုလိုပြောတယ်” ဟု လွိုင်ကော်မြို့နယ်ရှိ တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားမျှတမှု ရရှိနိုင်ရန်အတွက် စစ်သားအချို့ ပူးပေါင်းပြီး လွိုင်ကော်-ဒကစသို့ လိပ်မူကာ တိုင်ကြားစာပေးပို့ထားသော်လည်း လက်ရှိချိန်ထိ ဗိုလ်ကြီး ဆန်းကျော်ဦးကို အရေးယူမှုမရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၁ရက်တွင် တစ်လေးလုံးစစ်ဆင်ရေးဖြင့် ကရင်နီပြည်ရှိ တော်လှန်ရေးပူးပေါင်းတပ်များသည် လွိုင်ကော်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း လက်နက်အင်အား မလုံလောက်ခြင်းကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရသည်။
လွိုင်ကော်မြို့တွင် ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ဒကစ – လွိုင်ကော်) တည်ရှိပြီး မြို့ပတ်ပတ်လည်တွင် အမှတ် (၂၅၀)၊ အမှတ် (၂၆၁) နှင့် အမှတ် (၅၄) ခြေလျင်တပ်၊ အမှတ် (၃၅၆) နှင့် အမှတ် (၃၆၂) အမြောက်တပ်တို့ရှိသည်။ လွိုင်ကော်မြို့နယ် လောပိတမြို့တွင် အမှတ် (၇၂) ခြေလျင်တပ်နှင့် လွိုင်လင်လေးမြို့တွင် အမှတ် (၅၃၀) ခြေမြန်တပ်တို့ရှိသည်။
