ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်း စစ်သားများ အကူးအသန်းလုပ်နေသည့်လမ်းပေါ် PDFတို့ မိုင်းခင်း တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း သိရသည်။
အောက်တိုဘာ ၁၁ရက်၊ ည ၈နာရီခန့်က ပေါက်ခေါင်းမြို့နယ် ဘော်ဒါကျေးရွာ အထိုင်စခန်းမှ လူအချိန်းအပြောင်း ပြုလုပ်ပြီး ပြန်လာသည့် စစ်သား၄၀ကျော်ပါသည့် စစ်ကြောင်းကို တောင်လည်ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် အမှတ်(၂) ၃၆၀၂တပ်ရင်းက ယနေ့ ( အောက်တိုဘာ ၁၃ရက် ) သတင်းထုတ်ပြန်သည်။
” မိုင်းဘယ်နှစ်လုံးဆွဲတယ်ဆိုတာက စစ်ရေးအရ ပြောပြလို့မရပါဘူး။ ရန်သူဘက်က ထိခိုက်မှုရှိတယ်။ ဒဏ်ရာရသူတွေကို ပုခက်နဲ့ ထမ်းစင်လုပ်ပြီး ပြန်သွားကြတာရှိတယ်။ အနည်းဆုံး ၃ဦးနဲ့ ၅ဦးကြားရှိနိုင်တယ်။ အတိအကျမသိရသေးဘူး ” ဟု ပြည်ခရိုင် အမှတ်(၂) ၃၆၀၂တပ်ရင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က MPA ကို ပြောသည်။
မိုင်းဆွဲခံရပြီးနောက် ယင်းစစ်ကြောင်းသည် တောင်လည်ကျေးရွာ အထိုင်ချစခန်းသို့ ဝင်သွားကြောင်း သိရသည်။
” တောင်လည်ကနေ ဘော်ဒါစခန်းကို တစ်လကို တစ်ကြိမ် ဒါမှမဟုတ် ၂လကို တစ်ကြိမ်တော့ လူအပြောင်းအလဲလုပ်လေ့ရှိပါတယ်။ ခု မိုင်းဆွဲတာကလည်း ဘော်ဒါကနေ သူတို့ပြန်မယ့်လမ်းကို သိလို့ မိုင်းကြိုခင်းထားပြီး တိုက်ခိုက်ခဲ့တာပါ ” ဟု ၎င်းကပြောသည်။
အောက်တိုဘာ ၁၂ရက်၊ နံနက်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်နေရာကို PDF များက နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာ စစ်သုံးကျောပိုးအိတ်တစ်လုံး၊MAကျည်ဘောက်တစ်ခု၊BA(100)ဗုံးသီးတစ်လုံး၊ကျည် အတောင့်၇၀နှင့် power bank တစ်လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဩဂုတ် ၁၈ရက်တွင် ဘော်ဒါကျေးရွာ စစ်တပ်အထိုင်စခန်းကို PDF တို့ တိုက်ခိုက်ခဲ့ရာ စခန်းကုန်း ၄ကုန်းကို သိမ်းယူနိုင်ခဲ့သော်လည်း ကုန်းတစ်ခုကျန်ခဲ့ပြီး စစ်သားများ ပြန်လည်အထိုင်ချသွားသည့် စခန်းဖြစ်ကြောင်း သိရသည်။
