မန္တလေးတိုင်း၊ မိတ္ထီလာအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူတစ်ဦး ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ရက်၊ ညနေ ၅နာရီခန့်က မိတ္ထီလာထောင်အတွင်း အမျိုးသမီးဆောင်(မူဆယ်ဆောင်)ရှိ၊ မိလ္လာမြောင်းပေါက်မှတဆင့် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း မိတ္ထီလာအကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။
” နှစ်ပွင့်အရာရှိ ဇာခြည်ဝင်း တာဝန်ကျနေတဲ့အချိန်မှာ မိလ္လာမြောင်းပေါက်ကနေ ထွက်ပြေးသွားခဲ့တာပါ၊ တန်းပိတ်ခါနီးအချိန်ကို ပြေးသွားတာဖြစ်မယ်၊ ပြီးတော့ ညွှန်မှူးကိုယ်တိုင်လည်း လာစစ်တာမျိုးတွေ ရှိတယ်၊ အခုထိဖမ်းမမိသေးတဲ့အတွက် ဝရမ်းလည်း ထုတ်ထားတယ်၊ ” ဟု မိတ္ထီလာအကျဉ်း ထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မိတ္ထီလာအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့သည့်သူမှာ အသက် ၃၀အရွယ် နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်ပြီး အကြမ်းဖက်ပုဒ်မဖြစ်သည့် ပုဒ်မ ၅၂(က)ဖြင့် ဖမ်းဆီးခံထားရသူတစ်ဦး ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ မိတ္ထီလာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူတစ်ဦး လွတ်မြောက်ခဲ့သည့်အတွက် ထောင်အာဏာပိုင်များက အမျိုးသမီးထောင်ဝန်ထမ်းများကို ဒဏ်ခတ်သည့် အနေဖြင့် ၁၀ရက် အိမ်ပြန်ခွင့်မပေးဘဲ ထောင်ထဲ၌သာ နေခိုင်းခဲ့ကြောင်းလည်း သိရသည်။
” တော်ရုံသတ္တိနဲ့ဆို ထွက်ပြေးဖို့က ခဲယဉ်းပါတယ်။ အမျိုးသမီးအိပ်ဆောင် တစ်ဆောင်စီမှာဆို နေ့ကို ဝန်ထမ်း ၃ယောက်၊ အရာရှိ ၁ယောက် စောင့်တယ်။ ညဘက်ကို ဝန်ထမ်း ၂ယောက်နဲ့ အရာရှိ ၁ယောက် အလှည့်ကျ တာဝန်ချထားတယ်။ ပြီးတော့ ဗဟိုကင်းလည်း ရှိသေးတယ်။ အဲဒါတွေကြားက ထွက်ပြေးဖို့ဆိုတာ လွယ်တော့ မလွယ်ဘူး “ဟု မိတ္ထီလာအကျဉ်း ထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးက ပြောသည်။
လက်ရှိတွင် မိတ္ထီလာထောင် အာဏာပိုင်များသည် ယင်းနိုင်ငံရေးအကျဉ်းသူ ထွက်ပြေးလွတ်မြောက်သွားသည့် သတင်းကို ဖုံးထားလျက်ရှိပြီး စစ်ဆေးမှုများ တင်းကျပ်စွာပြုလုပ်ပါက လူအများသတိပြုမိမည် စိုးသဖြင့် ထောင်ဝင်စာပါဆယ်စစ် ဆေးမှုများ အနည်းငယ်သာ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
” စည်းကမ်းတော့ အရင်ကထက် နည်းနည်းပို တင်းကျပ်ထားတာ ရှိတယ်၊ လူတွေ့ကို စာရွက်စာတမ်းအစုံယူလာမှ ရတယ်။ ဥပမာ အိမ်ထောင်စုဇယားထဲမှာ နာမည်ပါတဲ့သူပဲ ပို့လို့ရတာမျိုး၊ ထောင်ဝင်စာပါဆယ်ဆိုလည်း အရင်လို ဝန်ထမ်းတွေဆီကိုပဲ ပို့လို့ မရတော့ဘဲ ဂိတ်မှာပဲ ပို့လို့ရတာမျိုးတွေတော့ ရှိပါတယ် ” ဟု ထောင်ဝင်စာပါဆယ် ပို့ခဲ့သူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်မှ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၀ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၈၀၈) ဦးရှိကာ အကျဉ်းထောင်များ ဖမ်းဆီးခြင်းခံနေရသူမှာ (၂၂၅၀၇) ဦးဖြစ်ကြောင်း နိုင်ရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ သိရသည်။
