ဖေ့စ်ဘွတ်ခ်ပေါ်တွင် ရွေးကောက်ပွဲကိုဆန့်ကျင်နေသူများအား စုံစမ်းဖော်ထုတ်ကြရန် စစ်တပ်က နှုတ်မိန့်ပေးထားကြောင်း လှိုင်မြို့နယ် စစ်ကော်မရှင်အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့၊လှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ပျူစောထီးတို့ကို တာဝန်ကျ စစ်တပ် ဗိုလ်မှူးက နှုတ်မိန့်ဖြင့် ညွှန်ကြားခြင်း ဖြစ်ကြောင်း သိရသည်။
“စနေနေ့(အောက်တိုဘာ၁၁ရက်)ညက သူတို့(စစ်တပ်)ရောက်တဲ့ရုံးက အုပ်ကြီးတွေကို ပြောသွား တာ။ကိုယ့်ရပ်ကွက်ထဲမှာ ရွေးကောက်ပွဲကို ဆန့်ကျင်တာတွေ ရေးတဲ့ကောင်တွေကို စုံစမ်းဖော်ထုတ် ဖို့ပေါ့။ထိထိရောက်ရောက်အရေးယူသွားမယ်။ဒါ နေပြည်တော်အမိန့်လို့လည်း ပြောသေးတယ်။ ကြည့်မြင်တိုင်မှာလည်း အုပ်ကြီးတွေကို အဲလို ပြောတယ်လို့ ကြားတယ်”ဟု ၎င်းက MPAသို့ပြော သည်။
အောက်တိုဘာ၁၁ရက်၊ည၉နာရီခန့်တွင် တောင်ဥက္ကလာမြို့နယ်၊အဆောင်တစ်ဆောင်နေ အမျိုးသမီး ၂ဦးကို ရွေးကောက်ပွဲဆန့်ကျင်သည့်ပို့စ်များ ဖေ့စ်ဘွတ်ခ်ပေါ် ရေးသားသည်ဟုဆိုကာ စစ်တပ်က လာဖမ်းသွားကြောင်း AAMIJ News က ဖော်ပြသည်။
“ခုက ရွေးကောက်ပွဲလုပ်ဖို့ကြေညာထားတာ ပူပူနွေးနွေးမို့ လူတွေကြောက်အောင် ခုကာလအတွင်းမှာ စောင့်ကြည့်တာတွေ တိုးလုပ်ပြီး ပိုဖမ်းပြလိမ့်မယ်လို့ ထင်ပါတယ်ဗျ”ဟု Rangoon Scout Network မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်တွင် အောက်တိုဘာ၆ရက်မှ ၁၂ရက်အတွင်း မတရားဖမ်းဆီးခံရသူ ၈ဦးရှိကြောင်း Rangoon Scout Networkက ယနေ့(အောက်တိုဘာ၁၃ရက်)ထုတ်ပြန်ထားသည်။
စစ်ကော်မရှင်က ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကို တရားမဝင်ပြဌာန်းပြီးနောက် ပြည်သူ၆၀ ကျော်ကို ရွေးကောက်ပွဲနှောက်ယှက်ဟန့်တားဖျက်ဆီးသည်ဟုဆိုကာ ဖမ်းဆီးခဲ့သည်။
